27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“တော်လှန်ရေးထိန်းချုပ်နယ်မြေတွေကို ပြန်ရဖို့အတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်တာ၊ ဗုံးကြဲတာ၊ စာသင်ကျောင်းတစ်ကျောင်းနဲ့ လူနေအိမ် ၅၀ ကျော်လည်း ပျက်စီးခဲ့သေးတယ်။ အခုလည်း လေကြောင်းက...

“တော်လှန်ရေးထိန်းချုပ်နယ်မြေတွေကို ပြန်ရဖို့အတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်တာ၊ ဗုံးကြဲတာ၊ စာသင်ကျောင်းတစ်ကျောင်းနဲ့ လူနေအိမ် ၅၀ ကျော်လည်း ပျက်စီးခဲ့သေးတယ်။ အခုလည်း လေကြောင်းက ဝဲဝဲနေတာ ဘယ်အချိန်ပစ်ချမလဲ ဗုံးကြဲမလဲ ကြည့်နေရတာပါပဲ။ တိုက်ပွဲကလည်းရှိနေ၊ စစ်ကြောင်းကလည်းထိုးနေတော့ လေကြောင်းက မပြတ်ပါဘူး” မတ္တရာဒေသခံတစ်ဦး

MDY PDF ထိန်းချုပ်ထားသည့် မန္တလေးတိုင်း စဉ့်ကူး၊ သပိတ်ကျင်းနှင့် မတ္တရာမြို့တို့၏ ဒေသတွင်း လက်ရှိအခြေအနေများနှင့်ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် မတ္တရာဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းချက်။

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF) ထိန်းချုပ်ထားသည့် မန္တလေးတိုင်း စဉ့်ကူး၊ သပိတ်ကျင်း နှင့် မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေတာကြောင့် အရပ်သားများသေဆုံးခဲ့သလို စစ်ကြောင်းထိုးလှုပ်ရှားမှုရှိနေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက အရပ်ဘက်ပစ်မှတ်များအား လေကြောင်းကနေ ပိုပြီးပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာကြောင့် ဧပြီလ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ အရပ်သားသေဆုံးသူ အနည်းဆုံး ၄၀ ကျော်ရှိပြီး ၆၀ ဦးနီးပါး ဒဏ်ရာရခဲ့တာကြောင့် နိုင်ငံတကာကစောင့်ကြည့်အရေးယူပေးကြရန် MDY PDF က ထုတ်ပြန်ခဲ့သည်။

MDY PDF လှုပ်ရှားနယ်မြေထဲက သပိတ်ကျင်း မြို့နယ်ကို ၁၃ ကြိမ်၊ စဉ့်ကူးမြို့နယ်ကို ၄ ကြိမ်၊ မတ္တရာမြို့နယ် ကို ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု MDY PDF ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ ထိုဖြစ်စဉ်များကြောင့် ဒေသတွင်း လက်ရှိအခြေအနေများနှင့်ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သည့် မတ္တရာဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မတ္တရာနဲ့ စဉ့်ကူးဘက်ကို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးနေတယ်ဆိုတော့ လက်ရှိ ဘယ်လို အခြေအနေရှိပါလဲ။

ဖြေ။ ။ မတ္တရာရှေ့ခြမ်းက ထန်းပင်ကုန်း၊ ကျောက်တံတားဘက်ခြမ်းနဲ့ ဖယောင်းတောင် သတ္တုတွင်းတွေ ဘက်ကို စစ်တပ်ဘက်က စစ်ကြောင်းထိုးနေတယ်။ အဲ့ဒီဘက်တွေက ၁၀၂၇ စစ်ဆင်​ရေး ဒုတိယလှိုင်း (ရှမ်းမန်းစစ်ဆင်​ရေး) မှာ မန္တ​လေး PDF နဲ့ မဟာမိတ်​တွေက စစ်တပ်တပ်စွဲတဲ့ စခန်း​ပေါင်း ၄၀ ခန့်ကို ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့တဲ့ထဲမှာ ပါတယ်ပေါ့။ ​ဖယောင်းတောင် သတ္တုတွင်းတပ်စခန်း ၊ ဆည်​တော်ကြီး စစ်စခန်း ၊ ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်စခန်း အဲ့ဒီစစ်တပ်စခန်း​တွေပါတယ်။ အခုပြန်ပြီး သူတို့ (စစ်ကောင်စီတပ်) စစ်ကြောင်းထိုးနေတာမျိုးပေါ့။

မေး။ ။ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲဖြစ်တာမျိုးရော ရှိပါလား။

ဖြေ။ ။ ရှိတယ်။ ခုနကပြောတဲ့နေရာတွေပဲ။ ထန်းပင်ကုန်း၊ ကျောက်တံတားဘက်ခြမ်းနဲ့ ဖယောင်းတောင် သတ္တုတွင်းတွေဘက်မှာ ဖြစ်ကြတယ်။ စစ်တပ်က မတ္တရာရှေ့ခြမ်းကို နှစ်ကုန်ပိုင်းက ပြန်သိမ်းသွားပြီလေ။ အဲ့ဒါ ပြန်သိမ်းသွားပြီးနောက် အခုရှေ့ဘက်ခြမ်းကိုထပ်လာတာပေါ့။ ပြန်လာတိုက်နေတာ။ အပစ်ရပ်တယ်လို့ ကြေညာတဲ့ သင်္ကြန်အပြီးထဲကပဲ စစ်တပ်က မြေပြင်မှာစစ်ကြောင်းလာနေတာ။ တော်လှန်ရေးတပ်တွေ ထိန်းထားတဲ့နေရာတွေကို အဲ့နေရာကိုပြန်ယူဖို့လာတိုက်တာမျိုးပဲ။

အရှေ့ခြမ်းက မြောင်းသစ်ကုန်းရွာဆို အရင်က PDF ထိန်းချုပ်ထားတာ။ အဲ့ဒီ ဧပြီ ၂၀ မှာ နှစ်ဖက်တိုက်ကြပြီး စစ်တပ်ဘက်က ခဏသိမ်းလိုက် နိုင်သလို ဖြစ်သွားတယ်။ ဒါပေမယ့် ဒီဘက် (တော်လှန်ရေးတပ်ဖွဲ့) က တခါပြန်ပြီး ပြန်တိုက် သိမ်းယူလိုက် နိုင်တာမျိုးပေါ့။ စစ်တပ်ဘက်က ခဏပဲပြန်ရလိုက်သလိုဖြစ်ပြီး ပြန်ပေးလိုက်ရတော့ အဲ့ဒီနောက်ပိုင်း အင်အား ထပ်ဖြည့်ပြီး ထပ်လာကြတယ်။ စစ်ကူတွေ ထပ်လာတယ်။

ပုံစာ – စဉ့်ကူး၊ သပိတ်ကျင်းနှင့် မတ္တရာမြို့အား စစ်ကောင်စီလေကြောင်းနှင့် ဗုံးကြဲပြီးနောက်မြင်တွေ့ရစဉ်။ (Photo – MDY PDF)

မေး။ ။ အခုလို စစ်ကောင်စီစစ်ကြောင်းမတိုင်ခင် လေကြောင်းတိုက်ခိုက်မှုတွေလည်း တောက်လျောက် လုပ်လာတာတွေ့ရတယ်၊ အခုရော လေကြောင်းတိုက်ခိုက်မှုက ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ လေကြောင်းတိုက်တာတွေကတော့ သတင်းတွေထဲတွေ့ကြသလိုပဲ ဆက်တိုက်ပါပဲ။ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းတွေကို ဧပြီ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိကို လေကြောင်းဗုံးကြဲတာမှာ အရပ်သား ပြည်သူ ၄၁ ဦး သေဆုံးပြီး အနည်းဆုံး ၅၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲ့ဒီထိခိုက်သေဆုံးသူတွေထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်က ၇ ဦးအထိပါတယ်။

ဒါတွေက စစ်ကောင်စီရဲ့ လူမဆန်တဲ့ ရက်စက် ယုတ်မာမှုတွေပါပဲ။ တော်လှန်ရေးထိန်းချုပ်နယ်မြေတွေကို ပြန်ရဖို့အတွက် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်တာ၊ ဗုံးကြဲတာ၊ စာသင်ကျောင်း တစ်ကျောင်းနဲ့ လူနေအိမ် ၅၀ ကျော်လည်း ပျက်စီးခဲ့သေးတယ်။ အခုလည်း လေကြောင်းက ဝဲ ဝဲနေတာ ဘယ်အချိန် ပစ်ချမလဲ ဗုံးကြဲမလဲ ကြည့်နေရတာပါပဲ။ တိုက်ပွဲကလည်း ရှိနေ၊ စစ်ကြောင်းကလည်းထိုးနေတော့ လေကြောင်းက မပြတ်ပါဘူး။

မေး။ ။ လေကြောင်းဗုံးကြဲတာတွေရော တိုက်ပွဲနဲ့ စစ်ကြောင်းထိုးတာရောဆိုတော့ ဒေသတွင်း စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေအခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ခုနကပြောသလို အစုံဖြစ်နေတော့ ဒေသခံတွေလည်း ရှောင်နေကြရပါတယ်။ စစ်ဘေးရှောင် ကတော့ တသောင်းပတ်ချာလည်လောက် ရှိမယ်ထင်ပါတယ်။ လောလောဆယ်တော့ အတိအကျ မသိရသေး ပါဘူး။ စစ်တပ်ဘက်ကတော့ လေကြောင်း ဗုံးကြဲတာရော၊ ဗုံးသီးချတာရော၊ စက်တပ်လေထီး (ပါရာမော်တာ) ရော အစုံသုံးသလို ကြည်း၊ ရေ၊ လေ ပေါင်းတိုက်နေ စစ်ကြောင်းထိုးနေတာပါ။

စစ်ကူတွေကလည်း မန္တလေး တောင်ခြေမှာရှိတဲ့ အမှတ် (၉၅) ခြေလျင်တပ်ရင်း (ခလရ ၉၅) နဲ့ နန်းတွင်းက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်တွေက စစ်သား​တွေကို စစ်ကူ​တွေဆက်တိုက်ပို့တာပါ။ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်အစပ်တွေအထိကို အထိုင်စခန်းတွေလုပ်ပြီး အင်အားဖြည့်တင်းနေကြတာပါ။ ဒီဘက်က ဖုန်းလိုင်းတွေမရတော့ ဒီလို အခြေအနေတွေ ပြင်းထန်နေတာကို မသိကြဘူး ဖြစ်နေတာပါ။

မေး။ ။ ထပ်မံဖြည့်စွက်ပြောချင်တာ ရှိပါလား။

ဖြေ။ ။ ပြောချင်တာကတော့ ရန်သူကိုလျော့မတွက်ဖို့ပါပဲ။ ရန်သူက အခုလည်း ငလျင်ဖြစ်နေချိန်မှာတောင် အပစ်ရပ်တယ်ဆိုပေမယ့် ကြည်း၊ ရေ၊ လေပေါင်းပြီး စစ်ကြောင်းထိုး နယ်မြေတွေ ပြန်ရဖို့လုပ်နေတာပါ။ ဒီနေရာကသူတို့အတွက် စစ်ရေးအရ အရေးပါတဲ့နေရာလည်းဖြစ်တော့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး ပြန်ယူမယ့်သဘောပေါ့။ ဒါပေမယ့် အခုလက်ရှိထိတော့ တွင်းငယ်နဲ့ သပိတ်ကျင်း – စဉ့်ကူး – မတ္တရာလမ်းပိုင်း ကိုတော့ တော်လှန်ရေးအင်အားစုဘက်က ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ကာကွယ်ထားဆဲ ဖြစ်ပါတယ်။

ရှမ်းနီအသံ ပေးပို့သည်။