1 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းနောင်ချို၊ အုမ္မတီးရွာကို စစ်ကောင်စီတပ် လေယာဉ်နှင့်ဗုံးကြဲ

နောင်ချို၊ အုမ္မတီးရွာကို စစ်ကောင်စီတပ် လေယာဉ်နှင့်ဗုံးကြဲ

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲက အုမ္မတီးကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နှင့်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ဧပြီလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီကျော်ချိန်တွင် အုမ္မတီးကျေးရွာထဲကို စစ်ကောင်စီလေကြောင်းကနေ ဗုံးနှစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

မြေပြင်သတင်းရင်းမြစ်တစ်ဦးက “ပျက်စီးဆုံးရှုံးမှုက အတိအကျတော့ မသိရသေးဘူး။ အိမ် ၅ လုံး – ၆ လုံးတော့ ထိတယ်လို့ပြောတယ်။ ဂျက်ဖိုက်တာနဲ့ ၁၀ နာရီကျော် ဒီ ၁၀ ခွဲလောက်မှာ ၂ ကြိမ်လာကြဲသွားတာ။ တိုက်ပွဲကလည်း ဖြစ်နေတုန်း။ တော်တော်လေးကို ဖြစ်နေတာ။ ဆက်တိုက်ပဲ အုမ္မတီးရွာဘက်မှာ ပြင်းထန်နေတယ်” ဟု ပြောသည်။

အရပ်သားကျေးရွာများအား ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်နေခြင်းဖြစ်သည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ဆိုသည်။

စစ်ကောင်စီက ယာယီအပစ်ရပ်ကာလ ရက် ၂၀ ပြည့်သည့်နေ့တွင် နောင်ချို၊ အုမ္မတီးကျေးရွာအား ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားပြည်သူနေအိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က သတင်းထုတ်ပြန်ထားသည်။

အလားတူ ဧပြီလ ၂၁ ရက်နေ့ကလည်း တောင်ခမ်းကျေးရွာရှိ ၉ဝ၂ တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်ကနေ အဆိပ်ငွေ့ဗုံး (၁၅) လုံး လာရောက်ကြဲချခဲ့သည်ဟု PSLF/TNLA က ဆိုသည်။

ထိုအဆိပ်ငွေ့ဗုံးကြောင့် TNLA တပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ပြောဆိုသည်။

TNLA တပ်ဖွဲ့ဝင်များ မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်း အစရှိသည့် ဝေဒနာများကို ခံစားနေရပြီး ဆေးကုသမှုခံယူနေကြရသည်ဟု ဆိုသည်။

တောင်းခမ်းကျေးရွာ အနီးအနားက တအာင်းတပ် TNLA နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ် DPLA တပ်ဖွဲ့ဝင်များ ရှိနိုင်သည်ဟု ယူဆရသောနေရာများကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများ ကြဲချတိုက်ခိုက်နေသည်ဟု DPLA ကလည်း သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက သဘာဝဘေးကြောင့် အပစ်ရပ်ကြောင်း ကြေညာထားပြီးနောက် ဧပြီလ ၂၂ ရက်နေ့တွင် အပစ်ရပ်ကာလ သက်တမ်းတိုးခြင်းများ ဆက်လုပ်ဆောင်နေသော်လည်း နိုင်ငံတဝန်းမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ဆက်လုပ်ဆောင်လျှက် ရှိနေသည်။

NMG ပေးပို့သည်။