မြင်းမထိတောင် သတ္တုတူးဖော်ရေးလုပ်ကိုင်သူ ကုမ္ပဏီနှင့် ဒေသခံတို့ကြား တွေ့ဆုံမှု မပြေလည်ဘဲ သဘောထားတင်းမာနေ

By MPM 22 ဧပြီ, 2025 👁

ရှမ်း – ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စုအတွင်းရှိ မြင်းမထိတောင် သတ္တုတွင်းတူးရေး ဆက်လက်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်ကုမ္ပဏီနှင့် ဒေသခံတို့အကြား တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အဆင်ပြေမှုမရှိဘဲ နှစ်ဖက်ကြား သဘောထားတင်းမာနေသည်ဟု နယ်မြေခံပရာဒေါင်းဆွေမျိုးစုဘက်က ပြောဆိုသည်။

မြင်းမထိတောင် သတ္တုတူးဖော်မှုလုပ်ငန်းအတွက် ကုမ္ပဏီဘက်က စက်ယန္တရား၊ လူလုပ်သားတို့အား ကုမ္ပဏီတာဝန်ရှိပုဂ္ဂိုလ်များက ဧပြီလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး အပြီးသတ်ရုတ်သိမ်းပေးရန် ဒေသခံ ပရာဒေါင်းဆွေမျိုးစုက လေးပွင့်ကြယ်ကုမ္ပဏီကို ပြီးခဲ့သည့်ဧပြီလ ၁၃ ရက်နေ့က အိတ်ဖွင့်စာ ပေးပို့ခဲ့သည်။

သို့သော် ကုမ္ပဏီဘက်က စက်ယန္တရားများကို ဆက်လက်ပို့ဆောင်နေတာကြောင့် နယ်မြေခံ ပရာဒေါင်းဆွေမျိုးစုနှင့်အတူ သိကျိတ်ကျေးရွာဒေသခံတို့က ပူးပေါင်းပြီး သိကျိတ်ကျေးရွာအဝင်တွင် ဧပြီလ ၁၅ ရက်နေ့ကစ၍ သွားလာသည့်လမ်းကို ပိတ်ဆို့တားဆီးလိုက်ခြင်းဖြစ်သည်

ယင်းနောက် ဧပြီလ ၁၇ ရက်နေ့က သတ္တုတွင်းတူးရေးလုပ်ကိုင်နေသည့် မစ္စတာဝမ်ကုမ္ပဏီနှင့် လေးပွင့်ကြယ်ကုမ္ပဏီတို့ဘက်က ကိုယ်စားလှယ် ၅ ဦးသည် မြင်းမထိနယ်မြေဒေသခံ ပရာဒေါင်းဆွေမျိုးစု ကိုယ်စားလှယ်များနှင့် လာရောက်တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

နှစ်ဖက်တွေ့ဆုံရာ၌ ခဲ၊ သတ္တုတူးဖော်မှုလုပ်ငန်းကို ချက်ချင်းရပ်တန့်လိုက်ပါက နှစ်ဖက်စလုံးအတွက် အကျိုးရှိမည်မဟုတ်ကြောင်း လေးပွင့်ကြယ်ကိုယ်စားလှယ်တို့က ပြောဆိုလိုက်သည်ဟု ပရာဒေါင်းဆွေမျိုးစု ဥက္ကဌခွန်းအောင်နိုင်စိုးက ပြောပြသည်။

“သူတို့က ကျနော်တို့ဘက်လည်းမဆုတ်ရင် သူတို့ဘက်လည်း မဆုတ်ဘူးဆိုတဲ့ပုံစံပေါ့နော။ နှစ်ဖက်စလုံး တင်းမာနေတဲ့ အနေအထားပေါ့” လို့ ခွန်းအောင်နိုင်စိုးက ဆိုသည်။

အဆိုပါတွေ့ဆုံမှုအတွင်း သဘောတူညီချက် တစုံတရာချမှတ်နိုင်ခြင်း မရှိသည့်အပြင် ဒေသခံဘက်က ပိတ်ဆို့မှုလုပ်သော်လည်း ကုမ္ပဏီဘက်က ခဲ၊ သတ္တုတူးဖော်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမည့်အနေအထားရှိသည်ဟု ခွန်းအောင်နိုင်စိုးက ဆက်ပြောသည်။

လုပ်ငန်းရှင်ကုမ္ပဏီနှင့် နယ်မြေဒေသခံတို့အကြား ပွင့်လင်းမြင်သည့် ဆွေးနွေးမှုနှင့် သဘောတူညီချက် မချမှတ်သရွေ့ သတ္တုတူးဖော်ရေးကို ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ပရာဒေါင်းဆွေမျိုးစုက သဘောထားထုတ်ပြန်ပြောဆိုထားသည်။

မြင်းမထိတောင်တွင် အကြီးစား ခဲ၊ သတ္တုတူးဖော်ရန်အတွက် ဦးသန်းစိုးနိုင်ဦးဆောင်သော လေးပွင့်ကြယ်ကုမ္ပဏီနှင့် တရုတ်ပိုင် မစ္စတာဝမ်ကုမ္ပဏီတို့က ၅ နှစ်စာချုပ်ချုပ်ထားသည်ဟု ဒေသခံများက ပြောသည်။

ကန္တာရဝတီတိုင်း (မ်)- ပေးပို့သည်။