နွေဦးတော်လှန်ရေးတွင် ပါဝင်တိုက်ခိုက်နေကြသည့် မွန်၊ ကရင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF လက်နက်ကိုင်တပ်ဖွဲ့များက စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းနိုင်ခဲ့သည်ဟု မဟာမိတ်အဖွဲ့များက ဧပြီ ၂၁ ရက် နေ့တွင် သတင်းထုတ်ပြန်သည်။
လက်နက်ကိုင်တပ်ဖွဲ့များအကြား စစ်ရေးအရ အချိတ်အဆက်မိမိ အရှိန်မြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဒေါနစစ်ကြောင်းအပါအဝင် ABDSF နှင့် မွန်၊ ကရင်၊ ထားဝယ် လက်နက်ကိုင်တပ်တို့က စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။
မဟာမိတ်အဖြစ် ပူးပေါင်းခဲ့ကြသည့်အဖွဲ့များတွင် ဒေါနစစ်ကြောင်း (၃) (တပ်ခွဲ- ၄၊ တပ်ခွဲ- ၆၊ တပ်ခွဲ- ၇) ၊ KNU တပ်မဟာ (၆) တပ်ရင်း (၂၇) ၊ မွန်ပြည်သစ်ပါတီ AD ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ကျောင်းသား တပ်မတော် ABSDF တပ်ရင်း – ၁ နှင့် ထားဝယ်တပ်တော် DNLA တို့ ပါဝင်သည်။
ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က အဆိုပါလက်နက်ကိုင်တပ်ဖွဲ့များက တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီးနောက် စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီမှုရရှိခဲ့သည်ဟု ဆိုသည်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက “အခုတော့ မွန်ပြည်သစ် AD က ထွက်လာပြီး ပါဝင်လာတဲ့အပေါ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ထပ်မံပြီးတော့ စကားပြောဆွေးနွေးသဘောတူညီချက်ရတာပေါ့။ ဒီမှာထူးခြားချက်ကတော့ KNU တပ်မဟာ ၆ တပ်ရင်း ၂၇ ကလည်း ပါလာတာပေါ့။ တပ်ရင်း ၂၇ နဲ့ကလည်း အရင်ကတည်းက ကျွန်တော်တို့ ရံဖန်ရံခါ ပူးတွဲစစ်ရေးလုပ်တာရှိတယ်။ ဒါကြောင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဘုံရန်သူကို ကျွန်တော်တို့ လွယ်လွယ်နဲ့အောင်မြင်စွာ တိုက်နိုင်မယ်။ ဒါကို ရည်ညွှန်းပြီးတော့ အခုလို မဟာမိတ်ပေါင်းစုခြင်းဖွဲ့တယ်လို့ ကျွန်တော့်အနေနဲ့ပြောချင်ပါတယ်” ဟု ဆိုသည်။
မွန်၊ ကရင်တပ်ဖွဲ့များနှင့် PDF တပ်ဖွဲ့တို့ကြား အပြန်အလှန်ထိန်းကျောင်းနိုင်ရေးနှင့် လိုအပ်သည့် အကူအညီများ အပြန်အလှန် ပေးအပ်နိုင်ရေးအပါအဝင် အောင်မြင်သည့်စစ်ရေးဖော်ဆောင်မှုရရှိရန် ဘုံသဘောတူညီချက် ထားရှိဆောင်ရွက်နေသည်ဟုလည်း အသိပေးထားသည်။
ယင်းအပြင် မွန်ပြည်နယ်အစပ် တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်း ဝင်ရောက်နေသည့် စစ်ကောင်စီ စစ်ကြောင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက်ကိုလည်း ရည်ရွယ်ထားသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်များက ယခုနှစ်ခြောက်သွေ့ရာသီအတွင်း ရေဖြူမြို့နယ်တဝိုက် စစ်ရေးလှုပ်ရှားခြင်း စစ်ကြောင်းထိုးမှုတို့ကို ခပ်စိပ်စိပ် လုပ်လာနေသည်ဟု နိုင်နဂါးက ယခုလိုပြောပါသည်။
“မောရဝတီ ရေတပ်စခန်းဌာနချုပ်အခြေစိုက်ရာ မင်းသားရွာပတ်ဝန်းကျင်မှာ ရန်သူတပ်ရင်း သုံးလေးရင်း ပေါင်းတဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ လှုပ်ရှားနေတာတွေရှိသလို ပင်လယ်ပြင်ကနေပြီးတော့လည်း စစ်သင်္ဘောကြီးတွေက သူတို့တပ်တွေရဲ့ လှုပ်ရှားမှုကို ပံ့ပိုးကူညီဖို့ဆိုပြီးတော့ ခပ်စိပ်စိပ် ခပ်သွက်သွက် လှုပ်ရှားနေတာတွေ ရှိတယ်ဗျ။ ရေဖြူမြို့နယ် အထူးသဖြင့် မောရဝတီ ရေတပ်စခန်းဌာနချုပ်မှာပေါ့” ဟု ၎င်းက ပြောသည်။
ဧပြီ ၂၀ ရက်နေ့က ရေဖြူမြို့နယ် မင်းသားကျေးရွာတွင် အခြေစိုက်လှုပ်ရှားနေသည့် လက်နက်ကိုင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
စစ်ကောင်စီတပ်ဘက်က ယခုလိုစစ်ကြောင်းထိုးလှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်လာခြင်းသည် ရေး-ထားဝယ် လမ်းပိုင်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းလာခြင်းဟု တော်လှန်ရေး တပ်တို့က ပြောဆိုသည်။
တဖက်တွင်လည်း ရုရှားနှင့် စစ်ကောင်စီတို့ကြား သဘောတူထားသည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ရေဖြူမြို့နယ်အတွင်း ကြည်း၊ ရေ၊ လေ တပ်တို့ကို ပြင်ဆင်လာခြင်းဖြစ်သည်ဟု နိုင်နဂါးက မှတ်ချက်ပြုပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းနှင့် ရေနံချက်စက်ရုံတည်ဆောက်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်စာတမ်း ၉ ခုကို စစ်ကောင်စီနှင့် ရုရှားနိုင်ငံတို့အကြား ယခုနှစ် ဖေဖော်ဝါရီတွင် သဘောတူလက်မှတ်ရေးထိုးထားကြသည်။
သံလွင်တိုင်းမ် ပေးပို့သည်။