23 ဧပြီ 2025 /

See today's Peace Related News

သတင်းထိုင်းနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စစ်ကောင်စီဗျူဟာစခန်းကို KNU သိမ်းပိုက်

ထိုင်းနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စစ်ကောင်စီဗျူဟာစခန်းကို KNU သိမ်းပိုက်

ထိုင်း – မြန်မာနယ်စပ် ထားဝယ်မြို့အနီး ထီးခီး- မေတ္တာနယ်စပ်လမ်းတွင် အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီ၏ ထီးထဗျူဟာစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဗျူဟာမှူးကိုလည်း အသေမိခဲ့သည်ဟု KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူက အတည်ပြုပြောသည်။

နယ်စပ်မျဥ်းနှင့် ၆ မိုင်ခန့်ကွာဝေးပြီး စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်ရှိသည့် ထီးထဗျူဟာစခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဧပြီလ ၁၂ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် တစ်ပတ်အကြာ ဧပြီလ ၁၉ ရက်နေ့၊ ညနေ ၄နာရီကျော်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KNU တပ်မဟာ ၄ မြိတ် – ထား ဝယ်ခရိုင်၏ အတွင်းရေးမှူးပဒိုအယ်နားက “တိုက်ပွဲစဖြစ်ပြီ ဆိုကတည်းက တောက်လျှောက် လေယာဥ်နဲ့ ဗုံးလာကြဲတယ်၊ တစ်ရက်ကို လေးငါးကြိမ်လောက်ကြဲတာ၊ ဟယ်လီကော်ပတာနဲ့ စစ်ကူလည်း လာပို့သေးတယ်” ဟု ပြောသည်။

ယင်းသို့စတင်တိုက်ခိုက်ခဲ့ပြီး ၅ ရက်အကြာ ဧပြီလ ၁၇ ရက်နေ့၌ ထီးထကျေးရွာအနီးရှိ ပထမစခန်းမှ လက်နက်ကြီးကုန်းကို စတင်သိမ်းပိုက်ခဲ့ပြီးနောက် ဧပြီလ ၁၉ ရက်နေ့တွင် ကျန်ရှိသည့် စခန်းကုန်းနှစ်ခုကိုပါ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်ဟု တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သူ ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ထီးထဗျူဟာစခန်းကုန်းတိုက်ပွဲတွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် (ကရခ) စစ်ဗျူဟာ (၁) ဗျူဟာမှူးကို အသေရရှိထားသည်ဟု သိရသည်။

မူလက ဗျူဟာမှူးကို အရှင်ဖမ်းမိခဲ့သော်လည်း စစ်ဆေးမေးမြန်းနေချိန်တွင် အန္တရာယ်ရှိလောက်သည့် အပြုအမူ လုပ်ခဲ့သောကြောင့် လုံခြုံရေးယူနေသည့်ရဲဘော်က ဗျူဟာမှူးကို ပစ်သတ်ခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။

အဆိုပါ ထီးထဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု သိရသည်။

ဖမ်းဆီးမိသည့် စစ်သုံ့ပန်းအရေအတွက်နှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း အသေးစိတ်စာရင်းကို KNU/KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များဘက်က တရားဝင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း KNU တပ်မဟာ ၄ မြိတ် – ထားဝယ်ခရိုင် အတွင်းရေးမှူးက ပြောဆိုသည်။

ယင်းစခန်းကုန်းကို ကာကွယ်နိုင်ရန်အတွက် ပိတ်ဆို့တိုက်ခိုက်ခံရသည့်အချိန်မှစ၍ ယနေ့ထိတိုင်အောင် စစ်ကောင်စီကနေ Mi-17 ရဟတ်ယာဥ်၊ K-8W ဂျက်ဖိုက်တာနှင့် Y-12 လေယာဥ်များကိုအသုံးပြုပြီး နေ့စဥ်နီးပါး ဗုံးများကြဲချကာ လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထီးထဗျူဟာကုန်းစခန်း သိမ်းပိုက်ခဲ့သည့် ညနေပိုင်းမှာပင် ထီးခီးနယ်စပ်ဂိတ်ရှိ စစ်ကောင်စီစခန်းဘက်မှလည်း ပစ်ခတ်သံများ ထွက်ပေါ်နေခြင်းကြောင့် ထီးထ၊ ထီးခီးကျေးရွာ အနီးတစ်ဝိုက်မှ ရွာသားများသည် ထိုင်းနိုင်ငံ နယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ရွာသားများက ပြောဆိုသည်။

ထီးထဗျူဟာစခန်းကုန်းသည် ထီးခီးနယ်စပ်စခန်းနှင့် ထီးခီး – မေတ္တာနယ်စပ်ကုန်သွယ်ရေးလမ်းအတွက် အရေးပါသည့် စခန်းကုန်းတစ်ခုဖြစ်ပြီး ၁၉၉၇ ခုနှစ်ကတည်းက အခိုင်အမာတပ်စွဲထားသည့် တပ်စခန်းတစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလလယ်ပိုင်းကလည်း ထီးထဗျူဟာစခန်းကုန်းကို အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးအပါအဝင် ၅၄ ဦး လက်နက်ချ အညံ့ခံခဲ့ဖူးသေးသည်။

တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အစပိုင်းမှစတင်ပြီး စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ရှိလာခဲ့ရာ လက်ရှိတွင် စခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၁၃ ခုထက်မနည်းကို KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး စခန်းအချို့ကိုမူ ဖျက်ဆီးထားခဲ့ကြသည်။

တိုက်ခိုက်သိမ်းပိုက်ထားခဲ့သည့်စခန်းများမှာ ကျောက်ထုစခန်း၊ မောထစခန်း၊ ရောင်းမော် ပျူစောထီးစခန်း၊ မင်းသမီးခီးစခန်း၊ ပဲဒက်စခန်း၊ ကျောက်ဆည်ပျူစောထီးစခန်း၊ 1020 တောင်စခန်း၊ အောင်သာရဝစခန်း၊ မိုက်ခရိုဝေ့ဖ်တာဝါတိုင် (ကော့သောင်း-ဘုတ်ပြင်း) စခန်း၊ ရွှေဂူတံတား စစ်ဆေးရေးဂိတ်နှင့် ရေကန်တောင်ပေါ်ရှိ စစ်ကောင်စီ ဆက်သွယ်ရေး မိုက်ခရိုဝေ့စခန်းကုန်းတို့ ဖြစ်ကြသည်။

NMG ပေးပို့သည်။