မကွေးတိုင်း၊ ငဖဲမြို့နယ်အပိုင် နတ်ရေကန်နှင့် ပဒါန်းမြို့ကြားရှိ ကျေးရွာများတွင် အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်လာမည်ကို စိုးရိမ်ပြီး စစ်ကောင်စီတပ်က အဆိုပါကျေးရွာသားများအား ပြည်သူ့စစ်များဖွဲ့စည်းပြီး ကင်းစောင့်ခိုင်းမှုတို့ရှိနေကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရှိရသည်။
ပြည်သူ့စစ်ဖွဲ့စည်းထားသည့် ကျေးရွာများမှာ နတ်ရေကန်နှင့် ပဒါန်းကြားရှိ စန္ဒကူး၊ ဆုံကုန်း၊ မြစ်ဖျား၊ မကျည်းကန်၊ သာယာကုန်း၊ ပျင်းဝ၊ ဇမြွန်း၊ ရှောက်တောင်၊ ပြင်ကြည်၊ ပဇီ၊ စက်ဆီရွာနှင့် ဂုတ်ကြီးစသည့် ကျေးရွာများ ဖြစ်ကြသည်။
အဆိုပါကျေးရွာများတွင် ယခုဧပြီလအတွင်း စစ်ကောင်စီမှ ကျေးရွာတစ်ရွာမှ လူ ၁၀ ဦးထက်မနည်းကို စုဆောင်းပြီး ပြည်သူ့စစ်ဖွဲ့စည်းကာ ကျေးရွာများတွင် ကင်းစောင့်ခိုင်းထားသည်ဟု ပဒါန်းဒေသခံ အမျိူးသားတစ်ဦးက ပြောသည်။
“တစ်ရွာက ၁ဝ ယောက်စီ ခေါ်တယ်။ ပြီးရင် ရွာမှာပဲ ကင်းစောင့်ခိုင်းတယ်။ ရွာကို သူစိမ်း ဝင်/မဝင် အဓိက စောင့်ကြည့်ခိုင်းတယ်။ တပ်မ (၉၉)က ဦးဆောင်တာ အဓိက” ဟု ပဒါန်းဒေသခံအမျိုးသားက ပြောသည်။
ပြည်သူ့စစ်အဖြစ် စုဆောင်းခံရသူ အများစုမှာ ချင်းလူမျိုး လူငယ်၊ လူလတ်ပိုင်းအရွယ်များဖြစ်ပြီး ထွက်ပြေးမရတော့သည့် အခြေအနေဖြစ်သဖြင့် အတင်းအကြပ် စစ်သားစုဆောင်ခံရနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ နတ်ရေကန်-ပဒါန်း လမ်းကြားတွင် စစ်ကောင်စီ တပ်မ (၉၉) ဦးဆောင်ပြီး ဆုံကုန်းအမြောက်တပ်နှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ စသည်တို့မှ နယ်မြေခံ စစ်ကောင်စီအင်အားများ စစ်ကြောင်းထိုးလှုပ်ရှားနေကာ နတ်ရေကန်စခန်းဘက်ကိုလည်း အင်အားများ ထပ်မံဖြည့်တင်းလျက်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “အခု အပစ်ရပ်ထားတဲ့နောက်ပိုင်း သူတို့ဘက်က ပိုလှုပ်လာတယ်။ အင်အားဖြည့် စစ်ကြောင်းထိုးတာတွေ လုပ်တယ်” ဟု ပြောသည်။
နတ်ရေကန်ဗျူဟာစခန်းတွင် တိုက်ပွဲရပ်တန့်နေသော်လည်း စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးခြင်း၊ အသေခံဒရုန်းများ၊ ကင်းထောက်ဒရုန်းများ စေလွှတ်ကာ ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။