MNDAA က သိန္နီမြို့မဈေးရှိ မူလဆိုင်ခန်းနေရာ၌ ပြန်ဖွင့်လှစ်ရောင်းချနေသည့် ဈေးသည်များကို နှင်ထုတ်နေ

By MPM 18 ဧပြီ, 2025 👁

သျှမ်းပြည်၊ သိန္နီမြို့ရှိ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ပျက်စီးသွားသည့် မြို့မဈေးထဲ မူလဈေးဆိုင်ခန်းနေရာတို့တွင် ပြန်လည်ဖွင့်လှစ်ရောင်းချနေသည့် ဈေးသည်များကို ကိုးကန့်တပ်ဖွဲ့ MNDAA ရဲများက လာရောက် နှင်ထုတ်နေသည်ဟု ဒေသခံတို့ပြောဆိုမှုအရသိရသည်။

ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် သိန္နီမြို့ ရပ်ကွက် (၁) ဈေးတန်းရပ်ရှိ ပျက်စီးသွားသည့် သိန္နီမြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ်ရောင်းချနေသည့် ဈေးသည်များကို ကိုးကန့်တပ်ဖွဲ့ MNDAA ရဲများက လာရောက်နှင်ထုတ်ခဲ့ပြီး ၎င်းတို့အသစ်ဖွင့်လှစ်ထားသည့် ပန်လော့ရွာဘက်သို့ သွားရောက်ရောင်းချခိုင်းသည်ဟု ဒေသခံများက ပြောသည်။

သိန္နီမြို့မဈေးမှ ဈေးသည်တစ်ဦးက “စျေးထဲပြန်ရွှေ့ပြီး ရောင်းကြတာ ၃ ရက် ၄ ရက်လောက်ရှိမယ်။ မနေ့က MNDAA ၄ ယောက်လောက်က စျေးသူစျေးသားတွေကို မောင်းထုတ်ကြတယ်။ သူတို့လုပ်ထားတဲ့ ပန်လော့ရွာဘက်မှာ သွားရောင်းခိုင်းကြတယ်။ စျေးသူစျေးသားတွေက မကျေနပ်ကြဘူး။ အခုက စျေးကို Casino ရုံလုပ်မယ်လို့တော့ ကြားထားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် MNDAA ထိန်းချုပ်ထားသော သိန္နီမြို့ရှိ မြို့မဈေးကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆိုင်ခန်းများပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူများမှာ ဈေးအနီး လမ်းဘေးတလျှောက်၌ ဈေးရောင်းချခဲ့ကြရသည်။

ယခု ဧပြီလကုန်ပိုင်းမှစ၍ သိန္နီမြို့တွင်းရှိ လမ်းဘေးတလျှောက်၌ ဈေးရောင်းချနေသော ဈေးသည်များကို MNDAA မှ ပန်လော့ရွာတွင်ဖွင့်လှစ်မည့် ဈေးသစ်၌ ပြောင်းရွှေ့ရောင်းချသွားရန် ကြေညာထားကြောင်း ဈေးသည်များထံမှ သိရသည်။

“သူတို့ မလာအုပ်ချုပ်ခင်ကတည်းက ဒီစျေးမှာ ကိုယ်ပိုင်ဆိုင်ခန်းနဲ့ ရောင်းနေကြတာ၊ စျေးကလည်း သိန္နီစော်ဘွားခေတ်ကတည်းက ရှိနေတာ။ မနေ့ကပဲ စျေးသူစျေးသားတွေစုပြီး ရုံးမှာဆန္ဒသွားပြကြတာ၊ MNDAA ပြောတာတော့ အထက်လူကြီးမရှိဘူး နောက်မှလာလို့ပဲပြောတာ။ ဒီနေ့ ၁၆ ရက်နေ့လည်း လာပြီး မောင်းထုတ်နေကြတာ” ဟု သိန္နီမြို့မဈေးမှ ဈေးသည် အမျိုးသားတစ်ဦးက ပြောသည်။

သိန္နီမြို့ MNDAA မှ ပန်လော့ရွာဘက်တွင် ဖွင့်လှစ်မည့် ဈေးသစ်တွင် ဆေးဆိုင်ဖွင့်လှစ်ပါက တစ်လလျှင် ၅၀၀,၀၀၀ (ငါးသိန်း) ကျပ်၊ သစ်သီးဝလံရောင်းသည့် ဆိုင်ဖြစ်ပါက တစ်လလျှင် ၅၀,၀၀၀ (ငါးသောင်း) ကျပ်၊ ပျံကျဈေးသည် တစ်နေရာလျှင် တစ်လ ၂၀,၀၀၀ (နှစ်သောင်း) ကျပ်နှင့် အမှိုက်ခွန် ၁၅,၀၀၀ (တစ်သောင်းခွဲ) ကျပ် စသဖြင့် အခွန်အသီးသီးကို MNDAA ထံ ပေးဆောင်ရမည်ဖြစ်ကြောင်း သိန္နီမြို့ဈေးသည်များထံမှ သိရသည်။

“ပြည်သူ့သဘောထားလည်း မမေးကြဘူး၊ သူတို့စာထုတ်ချင်တိုင်း ထုတ်ပြီး စွတ်လုပ်နေကြတာ။ ယခုပေါက်စျေးနဲ့ ပြန်လျှော်ပေးရင် တမျိုးပေါ့။ ပြီးတော့ ဆိုင်ခန်းခွန်လည်း နေရာလာတိုင်းပြီး ပိုက်ဆံတောင်းတာ၊ ဘယ်နှစ်ပေရှိလဲ ဆိုပြီး တွက်ပြီးတောင်းတာ။ တချို့ဆိုင်ဆို ၁ သိန်းကျော် ၂ သိန်းထိ ပေးရလို့ နေရာနည်းနည်းပဲခင်းတော့တာ” ဟု သိန္နီမြို့မှ ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

သိန္နီမြို့တွင် တပိုင်တနိုင်ဈေးရောင်းချနေသည့် ပြည်သူများမှ ကိုးကန့်တပ် (MDNAA) ထံ အခွန်ပေးဆောင်ရမည့်အပြင် ဆိုင်ကယ်ဖြင့် နယ်လှည့်ဈေးရောင်းနေသည့် ဈေးသည်များလည်း MNDAA မှ ဈေးရောင်းလက်မှတ် ထုတ်ပေးပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့ကြောင့် စီးပွားရေးကျပ်တည်းမှုနှင့် အလုပ်အကိုင်ရှားပါးမှုကြား ပြည်သူများ၏ တပိုင်တနိုင်လုပ်ငန်းများကို အခွန်ကောက်ယူမှုအပေါ် ရပ်ဆိုင်းပေးရန် (သို့မဟုတ်) လျှော့ချပေးရန် ဒေသခံများက တောင်းဆိုထားကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။