လားရှိုးမြို့ထဲ စစ်ကောင်စီအရာရှိအချို့ စတင်ဝင်ရောက်လာ MNDAA၊ တရုတ်တို့နှင့် သုံးပွင့်ဆိုင်အစည်းအဝေး ပြုလုပ်ခဲ့

By MPM 18 ဧပြီ, 2025 👁

သျှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ်မှ အရာရှိတချို့ စတင်ဝင်ရောက်လာပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တရုတ်အစိုးရကိုယ်စားလှယ်များနှင့် သုံးပွင့်ဆိုင်အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း လားရှိုးဒေသခံတို့ထံမှ စုံစမ်းသိရသည်။

ဧပြီလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ ရပ်ကွက် (၂) ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကောင်စီတပ်မှ အရာရှိတချို့သည် တရုတ်အစိုးရကိုယ်စားလှယ်များလိုက်ပါလျက် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် သုံးပွင့်ဆိုင်အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း လားရှိုးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ ကြားတာတော့ စစ်တပ်က အရာရှိတွေလာတယ်၊ တရုတ်အစိုးရ ကိုယ်စားလှယ်တွေကိုလည်း ခေါ်လာတယ်။ ဘယ်နှယောက်လဲဆိုတာတော့ မသိရဘူး။ မနေ့က (ဧပြီ ၁၇ ရက်) ဆင်နှစ်ကောင်ဟိုတယ်မှာ သူတို့ အစည်းအဝေးလုပ်ကြတယ်။ အဲ့ဘက်လမ်းကြောတလျောက် ကိုးကန့်တပ်သားတွေ လမ်းပိတ်ပြီး လုံခြုံရေးယူထားတာ တော်တော်များများပဲ” ဟု အဆိုပါလားရှိုးဒေသခံအမျိုးသားက ပြောဆိုသည်။

ဧပြီလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းကတည်းက စစ်ကောင်စီတပ် အရာရှိအချို့နှင့် တရုတ်အစိုးရကိုယ်စားလှယ်များသည် မူဆယ်မြို့မှ ရဟတ်ယာဉ်နှစ်စီးဖြင့် လားရှိုးမြို့လေယာဉ်ကွင်းသို့ လာရောက်ဆင်းသက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ်ဖိအားပေးမှုကြောင့် သင်္ကြန်အပြီး မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဖြစ်သည့် ဧပြီလ (၁၇) ရက်အထိ လားရှိုးမြို့ပေါ်မှ MNDAA တပ်ဖွဲ့ဝင်များကို တပ်ဆုတ်ခွာရန် အချိန်ပေးထားကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီ၊ MNDAA နှင့် တရုတ်ကိုယ်စားလှယ်များ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အလားတူ ဧပြီလ ၁၆ ရက်မှ ဧပြီလ ၁၇နေ့အထိ နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်မှ Helicopter ရဟတ်ယာဉ် ၃ စီးခန့်ဖြင့် မူဆယ် – ကွတ်ခိုင် – သိန္နီ – လားရှိုး အနီးတဝိုက် ခေါက်တုံ့ခေါက်ပြန် ပျံသန်းခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် လားရှိုးမြို့သို့ ဝင်ရောက်နိုင်သည့် ပြည်ထောင်စုလမ်းမကြီးပေါ် သီပေါ-လားရှိုးလမ်းပိုင်း နောင်မွန်ကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်မှ အပြန်အလှန် သွားလာခွင့်ပိတ်ဆို့ထားပြီး တန့်ယန်း – မိုင်းရယ် – လားရှိုး လမ်းပိုင်းတွင် ဟိုယကျေးရွာအနီးတွင်လည်း အလားတူ လမ်းပိတ်ထားကြောင်း သိရသည်။

ဧပြီလ ၁၈ ရက်နေ့မှစတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲအပ်မည်ဖြစ်ပြီး ယခင်ရက်များကတည်းက စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေး (စရဖ) တပ်ဖွဲ့ဝင်များ အရပ်ဝတ်ဖြင့် လားရှိုးမြို့ထဲသို့ ဝင်ရောက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။

“စစ်တပ်နဲ့ ကိုးကန့်တပ်ကို ကြားချဖို့ တရုတ်က လားရှိုးမှာ ကုန်သွယ်ရေးရုံးလိုမျိုး ဖွင့်မယ့်သဘောရှိတယ်။ စစ်တပ်ကလည်း ဒါကို သဘောတူမယ့်အခြေအနေရှိတယ်။ တရုတ်ရှိနေရင်တော့ နှစ်ဘက်လုံး သဘောတူထားတဲ့အချက်တွေ မလိုက်နာချင်လည်း လိုက်နာရမယ့်သဘော ဖြစ်သွားမယ်” ဟု ဝါရင့်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA မှ လားရှိုးမြို့ကို စစ်ကောင်စီထံပြန်လည်အပ်နှံပြီး လားရှိုးမြို့ပေါ်တွင် MNDAA ဆက်ဆံရေးရုံး ဆက်လက်ထားရှိမည့်အပြင် တရုတ်နိုင်ငံမှ ကုန်သွယ်ရေးရုံး ဖွင့်လှစ်မည့်ကိစ္စများကို နှစ်ဘက်တပ်ဖွဲ့မှ တရားဝင်ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

MNDAA ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဧပြီလ ၁၇ ရက်နေ့ ညပိုင်းအထိ လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် တွေ့မြင်ခဲ့ရသော်လည်း ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မတွေ့ရတော့ကြောင်း၊ အလားတူ စစ်ကောင်စီဘက်မှ စစ်ဝတ်စုံဝတ်ဆင်ထားသည့် တပ်သားများ ဝင်ရောက်လာသည်ကိုလည်း မတွေ့မြင်ရသေးကြောင်း လားရှိုးဒေသခံများက ပြောသည်။

လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုတွင် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝကကဲ့သို့ ဌာနဆိုင်ရာ ရုံးအဖွဲ့များ စတင်ဝင်ရောက်မည်ဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့မှ ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ထိန်းချုပ်ထားမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

လာမည့် ဧပြီ ၂၂ ရက်နေ့တွင် တရုတ်၏စီစဉ်ပေးမှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တရုတ်နိုင်ငံ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောဆိုထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။