စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ် ကောလင်းမြို့နယ်က အင်ပင်လှကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ရသည်ဟု Kawlin People Defense Force က သတင်းထုတ်ပြန်သည်။
ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီဂျက်ဖိုက်တာတစ်စီးက ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနှင့် အရပ်သားနေအိမ်များအပေါ် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ NUG ပြန်ကြားရေးတာဝန်ခံ ဦးနေဘုန်းလတ်က “ကောလင်းလည်း လေကြောင်း အတိုက်ခံရတယ်။ စစ်ရှောင်တွေနေတဲ့နေရာလို့ သိထားတယ်။ အဲ့နေရာမှာတော့ အမျိုးသမီးတစ်ယောက် သေဆုံးတယ်လို့ သတင်းရရှိထားပါတယ်” ဟု အတည်ပြုပြောဆိုသည်။
စစ်ကောင်စီတပ်က လေကြောင်းနှင့်တိုက်ခိုက်ခဲ့သည့်နေရာသည် စစ်ရေးလှုပ်ရှားမှု တစုံတရာမရှိသလို လေကြောင်းတိုက်ခိုက်မှုအတွင်း နောက်ထပ်အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အဦး ပျက်ဆီးဆုံးရှုံးမှု များပြားခဲ့သည်ဟု သိရှိရသည်။
ပြီးခဲ့သည့် ဧပြီ ၉ ရက်နေ့ကလည်း ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနှင့် တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် အရပ်သား ၂၆ ဦး သေဆုံးခဲ့ရသည်။
စစ်ကောင်စီတပ် ထောက်ခံသည့် မီဒီယာတို့တွင် လေကြောင်းတိုက်ခိုက်ခဲ့သည့်နေရာသည် NUG လက်အောက်ခံ PDF နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များ နေရာယူထားလို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြရေးသားထားသည်ကို တွေ့ရသည်။
ဦးနေဘုန်းလတ်က “စစ်ကောင်စီမွေးထားတဲ့ လော်ဘီတွေကတော့ ဒီနေရာတွေက PDF တွေ ရှိလို့ပါ။ တော်လှန်ရေးသမားတွေရှိလို့ပါဆိုတဲ့ ဇာတ်ကြောင်းကို ပုံဖော်ဖို့ ကြိုးစားနေတာလည်း တပြိုင်တည်း တွေ့နေရပါတယ်။ တကယ်တမ်းကြတော့ မဟုတ်ပါဘူး။ အခုအများစုက တော်လှန်ရေးအင်အားစုတွေ ရှိနေတဲ့ နေရာမဟုတ်ဘဲနဲ့ ပြည်သူတွေ ရှိနေတဲ့အရပ်သားပစ်မှတ်တွေကို ပစ်ခတ်နေတာ ဖြစ်တယ်ဆိုတာကိုတော့ ပြောလိုပါတယ်” ဟု ဆိုသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကျောင်းသားတပ်မတော် ABSDF နှင့် NUG လက်အောက်ခံ ကာကွယ်ရေး ပူးပေါင်းတပ်များက ယခုလေကြောင်းတိုက်ခိုက်မှု မတိုင်ခင် ဧပြီလ ၇ ရက်နေ့တွင် အင်းတော်မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထားနိုင်ခဲ့သည်။
လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ဝန်းသိုမြို့နယ်သည် စစ်ကောင်စီလက်လွှတ်လိုက်ရတဲ့ အင်းတော်မြို့နှင့် ၃၅ မိုင်ခန့် အကွာ၌တည်ရှိသလို ကောလင်းမြို့နယ်သည်လည်း ဝန်းသိုမြို့နှင့် ကပ်လျှက်တည်ရှိသည့်မြို့ဖြစ်သည်။
ယင်းအပြင် ဖလမ်းမြို့ကိုပါ လက်လွှတ်လိုက်ရသည့် စစ်ကောင်စီတပ်သည် ဧပြီလ ၉ ရက်နေ့က ဖလမ်းမြို့တွင် စစ်ကောင်စီတပ်ကင်းစင်ကြောင်း ကြေညာအပြီးမှာပင် ချင်းပြည်နယ်ထဲက တီးတန်မြို့နှင့် မင်းတပ်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့် ကလေးငယ် ၆ ဦးအပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့ရသည်။
KNG ပေးပို့သည်