မြန်မာနိုင်ငံမှထွက်ပြေးသွားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်များ နေရပ်ပြန်ခွင့်ကို အာရက္ခ တပ်တော် (AA) က လက်မခံလျှင် မဖြစ်မြောက်နိုင်ဟု ဒေသခံများနှင့် နိုင်ငံရေးအကဲခတ်များက သုံးသပ် ပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်များအနက် ဒုက္ခသည် ၁၈၀,၀၀၀ ကို မြန်မာနိုင်ငံသို့ ပြန်လာရန် စစ်ကောင်စီကခွင့်ပြုလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနများက ဧပြီလ ၄ ရက်တွင် ဖော်ပြခဲ့မှုအပေါ် ထိုသို့သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဧပြီလဆန်းပိုင်းက ကျင်းပခဲ့သော BIMSTEC အစည်းအဝေး၏ သီးခြား အစည်းအဝေး၌ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရ၏ အကြီးတန်းကိုယ်စားလှယ် ခါလီလူးရာမန်နှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဘင်္ဂလာအစိုးရက ယခုလိုထုတ်ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်၊ ၂ဝ၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် နေရပ်ပြန်လိုသည့်ဒုက္ခသည်များ၏စာရင်းကို မြန်မာအစိုးရဘက်သို့ ပို့ဆောင်ခဲ့ပြီး ယင်းအထဲမှ ဒုက္ခသည် ၁၈၀,၀၀၀ ကို ကနဦးလက်ခံရန် စီစဉ်နေခြင်းဖြစ်သည်။
စစ်ကောင်စီက ထိုသို့ခွင့်ပြုသော်လည်း လက်ရှိတွင် ရခိုင်၌ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအား စစ်ကောင်စီထံမှ အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းယူထားသည့်အတွက် မြေပြင်၌ AA ခွင့်ပြုချက်မရှိဘဲ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ လုံးဝမဖြစ်နိုင်ကြောင်း မောင်တောဒေသခံ မွတ်ဆလင်လူကြီးတစ်ဦးက ပြောသည်။
“အခုလက်ရှိမြေပြင်အခြေအနေက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာရှိနေတဲ့ ဒုက္ခသည် ၁၈၀,၀၀၀ ကို နေရပ်ပြန်ဖို့ စစ်ကောင်စီက ဘယ်လောက်မဆို ခွင့်ပြုထားပါစေ၊ AA ဘက်က ခွင့်မပြုရင် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ လက်ရှိမှာ ဘူးသီးတောင်နဲ့ မောင်တောမြို့ကို AA က သိမ်းထားတာလေ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက ယခုကဲ့သို့ လက်ခံခဲ့သည်မှာ ဟုတ်မှန်သည်ဟုဆိုလျှင် အဆိုပါဒုက္ခသည်များကို မည်သည့်နေရာတွင် နေရာချထားပေးမလဲဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ရခိုင့်ဝါရင့် နိုင်ငံရေး လေ့လာသုံးသပ်သူ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။
ဦးဖေသန်းက “သေချာတာတော့ ဒီလူတွေ မိမိနေရပ်ကို မပြန်နိုင်တာတော့ သေချာတယ်။ မိမိနေရပ်ကို ပြန်မယ်ဆိုရင် ULA မပါလို့ မရဘူး။ ဒါ သူ့ (မင်းအောင်လှိုင်) အနေနဲ့ ဒီကိစ္စကို ဘာကြောင့်လက်ခံခဲ့ရလဲလို့ ပထမအချက်အနေနဲ့ ကျနော်တို့တွေးရင်တော့ အာဂျင်တီးနားတရားရုံးရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ခေါင်းစဉ် အောက်မှာ ဦးမင်းအောင်လှိုင်ပါနေတယ်။ ဒါကြောင့် သူက နိုင်ငံတကာအမြင်မှာ သဘောထားမျှတတယ် ဆိုတဲ့ ပုံစံမျိုးပေါ့။ ပေါ်လွင်အောင် ဒီ မွတ်ဆလင်တွေကို လက်ခံမယ်ဆိုတဲ့ နံပါတ်တစ်အချက်ပေါ့လေ။ နိုင်ငံတကာဖိအားလျော့သွားအောင်၊ ဘင်္ဂလားဒေ့ရှ်နဲ့ သူတို့ရဲ့ကြားမှာ ဆက်ဆံရေးလည်း ကောင်းမွန်လာ အောင်လို့ ယူဆလို့ရတယ်” ဟု ပြောသည်။
ဒုတိယအချက်အနေဖြင့် သိန်းနှင့်ချီသည့် အဆိုပါဒုက္ခသည်များကို စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်စသည့် တစ်နေရာရာတွင် ထားပြီး စစ်ကောင်စီက စစ်ရေး၊ နိုင်ငံရေး အတွက် အသုံးချလာနိုင်သည်ဟုလည်း ဦးဖေသန်းက ဆက်ပြောသည်။
“တစ်သိန်းရှစ်သောင်းဆိုတဲ့အင်အားက နည်းတဲ့အင်အား မဟုတ်ဘူး။ အဲဒီထဲက အနည်းဆုံး လက်နက်ကိုင် မယ်ဆိုရင် ငါးသောင်းလောက်တော့ ထွက်မှာပေါ့။ စစ်တွေမှာပဲ ထားမလား။ သူတို့နဲ့ဝိုင်းပြီးတော့ အာရက္ခ တပ်တော်ရဲ့စစ်ကို ခုခံမယ်။ သူတို့ရဲ့မိသားစုတွေကတော့ ဓားစာခံပေါ့လေ။ အဲလိုထားနိုင်တယ်။ ဒါမှမဟုတ် မာန်အောင်၊ ကျောက်ဖြူ၊ သူ့နေရပ်ကိုမပို့ရင်တောင်မှ ရခိုင်ပြည်ထဲမှာ တနေရာရာမှာ စစ်ရေးအတွက်၊ နိုင်ငံရေးအတွက် ဒီမွတ်ဆလင်တွေကို အသုံးချနိုင်တယ်လို့ မြင်ပါတယ်” ဟု ဦးဖေသန်းက ပြောသည်။
မောင်တောဒေသတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ခဲ့မှုကြောင့် မွတ်ဆလင်ကျေးရွာပေါင်း ၃၆၂ ရွာ မီးရှို့ခံခဲ့ရပြီး လူဦးရေ ၆၈၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာကာ ဘင်္ဂလာဖက်သို့ ထွက်ပြေးခဲ့ကြရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ၂၀၁၈ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရလက်ထက် ၂၀၁၈၊ ၂၀၁၉၊ ၂ဝ၂ဝ ခုနှစ်နှင့် ယခု စစ်ကောင်စီလက်ထက် ၂ဝ၂၂ ခုနှစ်တို့တွင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ ကြိုးပမ်းခဲ့ကြသော်လည်း ဒုက္ခသည်အများစုမှာ မြန်မာစစ်တပ်ထံ၌ ညှဉ်းပန်းနှိပ်စက်ခံရမည်ကို ကြောက်ရွံ့၍ မြန်မာဘက်သို့ပြန်ရန် ငြင်းဆန်ခဲ့ကြသည်။
သို့သော် လက်ရှိတွင် မောင်တောခရိုင်အား AA အုပ်ချုပ်ထားပြီဖြစ်၍ အေးတူပူအမျှ လာရောက်နေထိုင်ကြရန် ဆန္ဒရှိနေကြကြောင်း ဘင်္ဂလာရောက်ဒုက္ခသည်များက ပြောဆိုသည်။
ဒုက္ခသည်တစ်ဦးက “ မြန်မာစစ်တပ်အုပ်ချုပ်မှုအောက်မှာနေရတာကို ကျွန်တော်တို့မွတ်ဆလင်တွေဘဝ လုံခြုံမှု မရှိခဲ့ကြဘူး။ အခု AA လက်အောက်မှာ ဘဝလုံခြုံမှုရရှိပြီး နေထိုင်ချင်တယ်။ AA ဘက်က လက်ခံမယ် ဆိုရင် ကျွန်တော်တို့ဒုက္ခသည်တွေ မူလနေရပ်ကိုပြန်လာဖို့ အဆင်သင့်ပါ” ဟု ပြောဆိုသည်။
ဒုက္ခသည် ၁၈ဝ,ဝဝဝ အား နေရပ်ပြန်ပို့ရန်လက်ခံခဲ့သည်ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး AA နှင့် စစ်ကောင်စီတို့ဘက်က လက်ရှိအချိန်ထိ တစ်စုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ယခုကိစ္စအပေါ် AA ၏သဘောထားကို သိနိုင်ရန် AA ပြောခွင့်ရသူ ဦးခိုင်သုခထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
နိရဉ္စရာ ပေးပို့သည်။