ရခိုင်ပြည်၊ မောင်တော-ဘူးသီးတောင် တောင်ကျော်လမ်းတွင် ARSA အကြမ်းဖက်အဖွဲ့၏ သတ်ဖြတ်ခံခဲ့ရ၍ သေဆုံးသွားသည့် ခမီအမျိုးသား ၄ ဦး၏ မိသားစုဝင်များအား အာရက္ခတပ်တော် (AA) က ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့တွင် AA က အခမ်းအနားပြုလုပ်ပြီး ငွေကြေးများ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု ခမီလူကြီးတစ်ဦးက ပြောသည်။
“ဒီလိုရခိုင်မျိုးနွယ်စုတွေအတွက် အခုလို ကူညီထောက်ပံ့မှုတွေလုပ်ပေးတာ အာရက္ခတပ်တော်ကို လေးစားမိပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါကူညီထောက်ပံ့ခြင်း အခမ်းအနားသို့ ဒေသခံပြည်သူများ၊ သေဆုံးသွားသူ ၄ ဦး၏ မိသားစုဝင်များ၊ AA တပ်ဖွဲ့ဝင်များ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့၏ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ခမီအမျိုးသား ၄ ဦးသည် ပြီးခဲ့သည့် မတ်လ ၂၉ ရက်၊ နံနက်ပိုင်းတွင် မောင်တောမြို့နယ်၊ မြဝတီကျေးရွာမှ အောက်ဂန္ဒရူးရွာသို့သွားစဉ် လမ်းတွင် ARSA အကြမ်းဖက်အဖွဲ့၏ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
ARSA သတ်ဖြတ်ခံရ၍ သေဆုံးသွားသူများမှာ ဘူးသီးတောင်မြို့နယ်၊ အိုဗြိုကျေးရွာမှ ဦးမောင်ဘ (၄၁) နှစ်၊ ဂုပ္ပီကျေးရွာမှ မောင်သာအေးကျော် (၁၇) နှစ်၊ အောက်ဂန္ဒရူးကျေးရွာမှ ကိုမောင်ကြီး (၂၅) နှစ်နှင့် မောင်တောမြို့နယ်၊ မြဝတီကျေးရွာမှ ကိုအောင်နိုင်ထွန်း (၁၉) နှစ်တို့ ဖြစ်သည်။
အဆိုပါသတ်ဖြတ်ခံရသူများ၏ ရုပ်အလောင်းများကို မတ်လ ၃၀ ရက်တွင် မယူတောင်၊ ဘဒဂါးတောင်ကျော်လမ်း၌ ဒေသခံများက တွေ့ရှိခဲ့ကြပြီး သေဆုံးသူများ၏ ဝမ်း၊ ခြေထောက်နှင့် ခန္ဓာကိုယ်အနှံ့အပြားတွင် သေနတ်ဒဏ်ရာများပါရှိသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။
နိရဉ္စရာ ပေးပို့သည်။