16 ဧပြီ 2025 /

See today's Peace Related News

သတင်းချင်းညီနောင်က ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း ထုတ်ပြန်ကြေညာ

ချင်းညီနောင်က ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း ထုတ်ပြန်ကြေညာ

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်လျှက်ရှိသော ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ပြီဟု ချင်းညီနောင်က ဧပြီလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄၊ နိုဝင်ဘာလ ၉ ရက်နေ့က ချင်းညီနောင်စစ်ဆင်ရေးအဖြစ် စတင်ဖော်ဆောင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီသည် ဖလမ်းမြို့ မကျစေရေးအတွက် ခလရ – ၂၆၈ တပ်ရင်း အင်အားအပြင် ခလရ – ၈၉ မှ စစ်ကူအင်အား ၁၀၀ ဝန်းကျင်၊ တပ်မ ၇၇ လက်အောက်ခံ ခလရ – ၃၉၁ မှ စစ်ကူအင်အား ၁၀၀ ခန့် ထပ်မံဖြည့်တင်းခဲ့ကာ ခုခံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၀၀ ကျော်ဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း ချင်းညီနောင်က စစ်ဆင်ရေးဖော်ဆောင်ပြီး ၅ လပြည့်သည့် ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်တွင် ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့သည်ဟု ချင်းညီနောင်က ထုတ်ပြန်ထားသည်။

ချင်းညီနောင် စစ်ဆင်ရေး၏ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် နိုင်ငံတကာတော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်သည့် Anti- Fascist Internationalist Front (AIF) လည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ချင်းတော်လှန်ရေးအင်အားစုများဖြစ်သော ချင်းညီနောင်ပူးပေါင်းအဖွဲ့များ၊ ရခိုင်မှ အာရက္ခတပ်တော် (AA/ ULA) နှင့် စစ်ကိုင်း၊ မကွေးတို့က တော်လှန်ရေးအင်အားစုများဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အများအပြား ပါဝင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ ချင်းညီနောင်နှင့် မဟာမိတ်အင်အားစုများ၏ မဆုတ်မနစ်သောစိတ်ဓါတ်ဖြင့် ကြံ့ကြံ့ခံထိုးစစ်ဆင် တိုက်ခိုက်မှု အာရက္ခတပ်တော်မှ ခဲယမ်း စစ်လက်နက်များအပြင် စစ်ရေးဆိုင်ရာအကြံဥာဏ်များ ပို့ပိုးကူညီကြောင်း ချင်းညီနောင်က ဆိုသည်။

ထို့အပြင် မိဘပြည်သူများ၏ တက်ညီလက်ညီ တစိုက်မတ်မတ် ထောက်ပို့ပါဝင်မှုများကြောင့် လှိုက်လှိုက်လဲလဲ မှတ်တမ်းတင်အပ်ပါကြောင်း ချင်းညီနောင်က ပြောဆိုသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွက် အသက်ပေးသွားကြသော အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြသော ရဲဘော်များနှင့် အောင်ပွဲရသည်အထိ ရွပ်ရွပ်ချွံချွံ ချီတိုက်တိုက်ပွဲဝင်ခဲ့ကြသော တပ်မှူး၊ တပ်သားများ၏ ရဲစွမ်းသတ္တိနှင့် ဇွဲလုံ့လရှိမှုတို့ကို လေးစားစွာဂုဏ်ပြုပါကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။

ချင်းညီနောင်အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တွင် မဟာမိတ်များနှင့်အတူ ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ဖော်ပြထားသည်။

NMG ပေးပို့သည်။