သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေသခံနေအိမ်များကို ကိုးကန့်တပ်ဖွဲ့က လျော်ကြေးပေးခဲ့ကြောင်း သတင်းသိရသည်။
လားရှိုးမြို့ပေါ်တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ တိုက်ပွဲများကြောင့် ဒေသခံနေအိမ်များသည် လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများခံခဲ့ရပြီး ဒေသခံနေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့သည်။
အိမ်ခြေတစ်သောင်းကျော်ရှိသည့် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကနေ လုံးဝထိခိုက်ပျက်စီးသွားပြီး ပြန်လည် နေထိုင်၍မရတော့သည့် အိမ်ခြေ (၃၀၉) အိမ်ကို ဧပြီလ ၇ ရက်နေ့တွင် တစ်အိမ်လျှင် ကျပ်သိန်း (၅၀) နှုန်းဖြင့် လျော်ကြေးငွေပေးအပ်ခဲ့ကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့ကတော့ နည်းတာများတာဆိုတာထက် လိုအပ်တာကို အရင်ကူညီတာပေါ့။ ဗုံးကျလို့ မီးလောင်သွားတဲ့အိမ်တွေ လုံးဝပျက်စီးသွားတဲ့အိမ်တွေကို အရင်ကူညီတာပေါ့။ ပြီးတော့ နေတဲ့အိမ် နည်းနည်းပါးပါး ထိခိုက်ပျက်ဆီးသွားတဲ့အိမ်တွေကိုတော့ နောက်တခါကူညီမယ်ပြောတာပဲ။ တစ်အိမ်ကို သိန်း ၅၀ ကူညီတာပေါ့။ မနေ့ကပေးတာ။ ဒီနေ့ပဲ သွားယူလာတာ၊ အိမ်ခြေကတော့ ၃၀၉ အိမ်ရတာပေါ့” ဟု အဆိုပါ လားရှိုးမြို့ဒေသခံအမျိုးသားက ပြောသည်။
လားရှိုးမြို့ရှိ နေအိမ် ၃၀၉ အိမ်အပြင် တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့သည့် အခြားကျန်ရှိနေသော နေအိမ်များကို မည်သည့်အချိန်တွင် လျော်ကြေးငွေထပ်ပေးရန် ပြောကြားမှုမရှိကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားက ဆက်ပြောသည်။
“ဒုတိယအကြိမ်ကူညီရင်တော့ တန်ဖိုးနည်းသွားမှာပေါ့၊ ရတာနည်းမယ်ပြောတယ်။ ဒါက ပထမဆုံးအကြိမ်ပါပဲ ဒီလိုပေးတာ။ ကျန်တဲ့အိမ်တွေကို နောက်ထပ် ဘယ်အချိန်ထပ်ပေးမလဲဆိုတာတော့ မပြောသေးပါဘူး” ဟု ၎င်းကပြောသည်။
လတ်တလောတွင် တရုတ်၏ဖိအားပေးမှုကြောင့် သင်္ကြန်အပြီး မြန်မာနှစ်ဆန်း (၁) ရက်နေ့ဖြစ်သည့် ဧပြီလ (၁၇) ရက်အထိ လားရှိုးမြို့ပေါ်မှ MNDAA တပ်ဖွဲ့ဝင်များကို တပ်ဆုတ်ခွာရန် အချိန်ပေးထားကြောင်း သိရသည်။
ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီဘက်က ပြန်လည်ဝင်ရောက်မည်ဆိုခြင်းကြောင့် ဧပြီ ၃ ရက်နေ့မှစတင်၍ ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများမှ ပစ္စည်းအားလုံးကို ကားကြီးကားငယ်ဖြင့် တင်ဆောင်ပြီး ကိုးကန့်တပ်သားများ မြို့ပေါ်မှ တပ်ဆုတ်ခွာရန် ပြင်ဆင်နေသည်ဟု ဒေသခံများက ပြောဆိုသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။