ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ် (၄) ရပ်ကွက်တွင် လူငယ် အမျိုးသမီး၊ အမျိုးသား ဖြစ်ခြင်းပေါ်မူတည်၍ စစ်မှုထမ်းထောက်ပံ့ကြေးအဖြစ် မြန်မာကျပ်ငွေ ၅ ထောင်မှ ၃ သောင်းကျပ်အထိ သတ်မှတ်ကောက်ခံနေကြောင်း ဖားအံမြို့နေထိုင်သူများက ပြောသည်။
ဖားအံမြို့ပေါ် ရပ်ကွက် (၉) ခုအနက် ရပ်ကွက်တချို့တွင် တစ်အိမ်ထောင်လျှင် အနည်းဆုံး မြန်မာငွေ ၅ ထောင်ကျပ်အား စစ်မှုထမ်းထောက်ပံ့ကြေးအဖြစ် လစဥ်ထည့်ဝင်နေရပြီး၊ အမှတ် (၄) ရပ်ကွက်တွင်မူ စစ်မှုထမ်းဆောင်နိုင်သည့် အသက်အရွယ်အပိုင်းအခြားရှိ လူငယ် မိန်းကလေးတစ်ဦးလျှင် ၅ ထောင်ကျပ် ယောင်္ကျားလေးတစ်ဦးလျှင် ၃ သောင်းကျပ် ပေးဆောင်ရသည်ဟု ဆိုသည်။
“လူကြီးလေးယောက် ဖလားကိုယ်စီကိုင်ပြီးလာတာ၊ ပထမတော့ ကျမတို့က ဧည့်စာရင်းစစ်တယ်ထင်လို့ ပြီးတော့မှ အမှတ် (၄) ရပ်ကွက်မှာ အစည်းအဝေးလုပ်ပြီးပြီ၊ နင်တို့ကစ စ်မှုမထမ်းချင်ဘူးပြောလို့ ပိုက်ဆံလိုက်ကောက်တယ်လို့ ပြောတယ်။ မိန်းလေးဆိုတစ်ယောက် ၅ ထောင်၊ ယောင်္ကျားလေးဆို တစ်ယောက် ၃ သောင်းပေးရမယ်ပြောပြီး ကောက်သွားတာ” ဟု အမှတ် (၄) ရပ်ကွက်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ဇန်နဝါရီလပိုင်းကစ၍ ဖားအံမြို့ပေါ်တွင် အမျိုးသမီးများပါ စစ်မှုထမ်းခေါ်ယူတော့မည်ဖြစ်ကြောင်းကောလဟလ ထွက်ပေါ်နေသော်လည်း ယခု ဧပြီလအထိ အမျိုးသမီးစစ်မှုထမ်းခေါ်ယူမှု မကြားသိရသေးပေ။
သို့သော် စစ်မှုထမ်း အပတ်စဥ် (၁၂) အတွက် စစ်မှုထမ်းစာရင်းကောက်ခံရန် သက်ဆိုင်ရာရပ်ကွက်အလိုက် မဲနှိုက်ရွေးချယ်ခြင်းများ ရှိလာပြီဖြစ်ကြောင်း မြို့တွင်းသတင်းအရင်းအမြစ်တို့က ပြောသည်။
ယခုလို ကျား/မ ပေါ်မူတည်၍ စစ်မှုထမ်းထောက်ပံ့ကြေး ကောက်ခံနေသည့် အမှတ် (၄) ရပ်ကွက်တွင်လည်း စစ်ကောင်စီ သတ်မှတ်ထားသည့် အသက်အရွယ်ရှိ လူငယ်များအား ပြီးခဲ့သည့် ရက်ပိုင်းက စစ်မှုထမ်းကိစ္စ အစည်းအဝေးတက်ရန် ဖိတ်ခေါ်မှုရှိခဲ့ကြောင်း ရပ်ကွက်နေအမျိုးသမီးတစ်ဦးထံမှ သိရသည်။
အဆိုပါအမျိုးသမီးက “ဟိုရက်ကတော့ အစည်းအဝေးလာတက်ပေးရမယ်လို့ ပြောတယ်။ ငွေကိစ္စဘာညာ ထည့်ပြောသွားတာတော့ မကြားဘူး။ တစ်အိမ်မှာ တစ်ယောက်တက်ပေးရမယ်တဲ့။ ကျမတို့အိမ်မှာက လူငယ်ဆို မိန်းကလေးတစ်ယောက်၊ ယောင်္ကျားလေးတစ်ယောက် ရှိတယ်ပြောတော့ ယောင်္ကျားလေးတစ်ယောက် လာတက်ပေါ့။ အိမ်ကလူကြီးလာတက်မယ်ဆိုတာ မရဘူး” ဟု ပြောသည်။
စစ်ဘေးအပြင် သဘာဝဘေးအန္တရာယ်ကြောင့် လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲပြီး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုသာရှိသည့် အခြေအနေတွင် စစ်မှုထမ်းထောက်ပံ့ကြေး အလျဥ်းသင့်သလို လိုက်လံကောက်ခံမှုအပေါ် နေ့စား အလုပ်သမားများ၊ လူဦးရေများသည့် အိမ်ထောင်မိသားစုများအတွက် အခက်အခဲရှိနိုင်ကြောင်း မြို့ခံတို့က သုံးသပ်သည်။
ထို့အတူ ယခုဧပြီလပိုင်းက စတင်လုပ်ဆောင်နေသည့် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ် (၁၂) အတွက် မဲနှိုက်ရာတွင်လည်း ရပ်ကွက်တာဝန်ရှိသူများနှင့် ဆက်ဆံရေးမကောင်းသူများကိုသာ နှိုက်ယူခိုင်းနေပြီး ရှောင်ပြေးပါက နေအိမ်ချိတ်ပိတ်အရေးယူမည့် ခြိမ်းခြောက်ပြောဆိုမှုများရှိသည်ဟုလည်း ပြည်တွင်း အခြေစိုက်မီဒီယာများတွင် ရေးသားဖော်ပြသည်ကို တွေ့ရသည်။
KIC ပေးပို့သည်။