ကော့သောင်းတွင် စစ်မှုထမ်းစုဆောင်းခံရသည့် လူငယ်တစ်ဦး PDF ထံခိုလှုံ

By MPM 8 ဧပြီ, 2025 👁

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၌ စစ်ကောင်စီ၏ စစ်မှုထမ်းတပ်သားစုဆောင်းခံရသည့် လူငယ်တစ်ဦး ဆက်သွယ်အလင်းဝင်လာခဲ့သည်ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် တပ်သားစုဆောင်းခံခဲ့ရသည့် ကိုမင်းမင်း (အမည်လွှဲ) ဆိုသူသည် ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့တွင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဆက်သွယ်အလင်းဝင်ခဲ့သည်ဟု ဆိုသည်။

ကိုမင်းမင်းက ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီးနောက် ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ခံရချိန် စစ်ကောင်စီ၏ စစ်မှုထမ်းတပ်သားသစ်အဖြစ် ဖမ်းဆီးခံရပြီး ကော့သောင်းမြို့နယ် ခမရ ၄၃၁ တပ်စခန်းကို ပို့ဆောင်ခံခဲ့ရကြောင်း သိရသည်။

ယင်းနောက် ခမရ ၄၃၁ တပ်စခန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် ကိုမင်းမင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ ချိတ်ဆက်ကာ အလင်းဝင်ခဲ့ခြင်းဖြစ်တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ကလည်း ကော့သောင်းမြို့နယ်တွင် ထိုင်းနိုင်ငံရနောင်းမြို့မှ နေရပ်ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရသူ လူငယ်နှစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်ခိုလှုံခဲ့သေးကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။