28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကူညီကယ်ဆယ်ရေးလုပ်တဲ့အချိန်တွေမှာ ကန့်သတ်မှုတွေရှိပြီးတော့ နိုင်ငံရေး၊စစ်ရေးအရ ပြန်လည်စုစည်းမှု ပြန်လည်တုံ့ပြန်မှုတွေ လုပ်လာမယ့်ကိစ္စကို သူတို့အနေနဲ့ သေသေချာချာကာကွယ်ဖို့ လိုအပ်မယ်ဆိုတဲ့ပုံစံနဲ့ တုံ့ပြန်နေတယ်ဆိုတာလည်း တွေ့ရတယ်။ တချိန်ထဲမှာလည်း...

“ကူညီကယ်ဆယ်ရေးလုပ်တဲ့အချိန်တွေမှာ ကန့်သတ်မှုတွေရှိပြီးတော့ နိုင်ငံရေး၊စစ်ရေးအရ ပြန်လည်စုစည်းမှု ပြန်လည်တုံ့ပြန်မှုတွေ လုပ်လာမယ့်ကိစ္စကို သူတို့အနေနဲ့ သေသေချာချာကာကွယ်ဖို့ လိုအပ်မယ်ဆိုတဲ့ပုံစံနဲ့ တုံ့ပြန်နေတယ်ဆိုတာလည်း တွေ့ရတယ်။ တချိန်ထဲမှာလည်း တဖက်ကအပစ်ခတ်ရပ်စဲဖို့ ပြောတဲ့အခါ သူတို့ အနေနဲ့ ဒီအချိန်မှာမလျော့နိုင်ဘူး၊ သူတို့အနေနဲ့ အသာစီးရအောင်လုပ်မယ်ဆိုတဲ့ စဉ်းစားမှုရှိပုံရတယ်” ဒေါက်တာစိုင်းကြည်ဇင်စိုး/ မြန်မာ့အရေးလေ့လာသုံးသပ်သူ

ငလျင်ဘေးသင့်မြန်မာနိုင်ငံ၏ လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေအပေါ် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးနှင့် ဆက်သွယ်မေးမြန်းချက်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် လူသေဆုံးဒဏ်ရာရမှုနှင့် နေအိမ်အဆောက်အအုံပျက်စီးဆုံးရှုံးမှုအရေအတွက် အလွန်များပြားခဲ့သည်။ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့အပါအဝင် စစ်ကောင်စီကလည်း ယာယီအပစ်အခတ်ရပ်စဲကြောင်း ရှေ့ဆင့်နောက်ဆင့် ကြေညာခဲ့ကြသည်။

သို့သော် စစ်ကောင်စီက ဧပြီ ၂ ရက်နေ့၌ အပစ်ရပ်ကြေညာပြီး နောက်ရက် ဧပြီ ၃ ရက်နေ့မှာပင် ဒေသတချို့တွင် လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုး တိုက်ခိုက်မှုတို့ လုပ်ဆောင်လျက် ရှိနေသည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့နှင့် ဒေသကာကွယ်ရေးအဖွဲ့တချို့က ပြောဆိုသည်။

နိုင်ငံအတွင်း ငလျင်ဘေးဒဏ်သင့်နေချိန် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းဝန်ကြီးချုပ်က သဘာပတိအဖြစ်ဦးဆောင်ကျင်းပသော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဘင်းမ်စတက် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

စစ်ခေါင်းဆောင်တက်ရောက်ခဲ့သည့် ဘင်းမ်စတက်အစည်းအဝေး အခြေအနေ အပါအဝင် စစ်ကောင်စီက ကြေညာထားသည့် အပစ်ရပ်ကြေညာချက်က တည်တံ့နိုင်ပါလား။ ငလျင်ဘေးသင့်မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေအပေါ် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကို ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် NUG နဲ့ ညီနောင်သုံးဖွဲ့က တဖက်သတ်အပစ်ခတ်ရပ်စဲတယ်လို့ ကြေညာ ထားပါတယ်။ နောက်ပြီး နောင်ချိုမှာ တရုတ်ကူညီထောက်ပံ့ရေးယာဉ်တန်းကို စစ်ကောင်စီဘက်က ပစ်ခတ်တာ ရှိပါတယ်။ အဲဒီနောက် စစ်ကောင်စီကပဲ ရက် ၂၀ ကြာ ယာယီအပစ်ရပ်မယ်လို့ ကြေညာလာပါတယ်။ လက်ရှိ ဘင်းမ်စတက်အစည်းအဝေးလည်း လုပ်ခဲ့တာဆိုတော့ ဒီလိုအခြေအနေမှာ စစ်ကောင်စီဘက်က ဘယ်လို နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်လာနိုင်ပါလဲ။

ဖြေ။ ။ အပစ်ခတ်ရပ်စဲဖို့ဆိုတာ လိုအပ်ချက်တခုဖြစ်တာပေါ့။ ငလျင်နဲ့ပက်သက်ပြီးတော့ နိုင်ငံတကာနဲ့ ကမ္ဘာ့နိုင်ငံအတော်များများက မီဒီယာတွေက မြန်မာနိုင်ငံက ငလျင်နဲ့ပတ်သက်ပြီးတော့ တော်တော်များများ ဖော်ပြကြတာလည်း တွေ့ရတယ်။ ပြီးတော့ USAID ဖျက်သိမ်းတဲ့ နောက်ဆက်တွဲမှာ ဒီလိုမျိုး ကူညီကယ်ဆယ်ရေး ပိုင်းတွေမှာ လစ်ဟာမှုတွေ အများကြီးရှိတယ်ဆိုပြီး ထောက်ပြဝေဖန်ကြတာတွေလည်း ရှိတယ်။ အဲဒါတွေနဲ့ တပြိုင်နက် ဒီလိုမျိုးဖြစ်သွားတော့ တုံ့ပြန်ဖို့လိုတယ်။ ချက်ချင်းပေါ့။ US ဘက်က ဖြတ်သွားတဲ့ ဘတ်ဂျတ် ငွေကြေး လျော့သွားတဲ့အတွက်ကြောင့် တခြားအားဖြည့်ဖို့ကူညီဖို့ လိုတယ်ဆိုတာလည်း ပြောကြတယ်။

မြန်မာက စစ်ဖြစ်နေတဲ့ ၄ နှစ်တာကာလမှာ လူသားချင်းစာနာမှုလိုနေတဲ့အချိန် တခြားထိခိုက်နစ်နာမှုတွေ အသက်သေဆုံး မှုတွေ ဖြစ်နေတဲ့အချိန် သတင်းတွေကိုလည်း သူတို့တော်တော်များများဖော်ပြကြတယ်။ ချက်ချင်းတုံ့ပြန်ဖို့ လိုတယ်ပေါ့။ တဖက်မှာက ဒီလိုမျိုးဖြစ်လာတဲ့အချိန်ကို စစ်ကောင်စီအနေနဲ့ စစ်ရေးအရ နိုင်ငံရေးအရ အသာစီးရနိုင်ဖို့ ကြိုးစားတာလည်းတွေ့ရတယ်။ အထူးသဖြင့် ဒီလိုမျိုး ငလျင်လှုပ်တဲ့အချိန်မှာလည်း လေယာဉ်နဲ့ဗုံးကြဲတဲ့ တိုက်ခိုက်မှုတွေ ရှိနေသေးတယ်ဆိုတာလည်းတွေ့ရတယ်။

တဖက်မှာလည်း ကူညီကယ်ဆယ်ရေးလုပ်တဲ့ အချိန်တွေမှာ ကန့်သတ်မှုတွေရှိပြီးတော့ နိုင်ငံရေး၊ စစ်ရေးအရ ပြန်လည်စုစည်းမှု ပြန်လည်တုံ့ပြန်မှုတွေ လုပ်လာမယ့်ကိစ္စကို သူတို့အနေနဲ့ သေသေချာချာကာကွယ်ဖို့ လိုအပ်မယ်ဆိုတဲ့ပုံစံနဲ့ တုံ့ပြန်နေတယ်ဆိုတာလည်း တွေ့ရတယ်။ တချိန်ထဲမှာလည်း တဖက်က အပစ်ခတ်ရပ်စဲဖို့ ပြောတဲ့အခါ သူတို့အနေနဲ့ဒီအချိန်မှာ မလျော့နိုင်ဘူး။ သူတို့အနေနဲ့ အသာစီးရအောင်လုပ်မယ်ဆိုတဲ့ စဉ်းစားမှုရှိပုံရတယ်။ အဲဒီကနေ နောက်ဆက်တွဲ ဒီလိုဖြစ်သွားတဲ့ အထူးသဖြင့် TNLA တရုတ်ယာဉ်တန်းနဲ့ ထိတွေ့မှုဖြစ်ပွားပြီး နောက်မှာ ဒီဟာအခုပေါ်လာတယ်ပေါ့။

ပေါ်လာတာက ဒီဟာပေါ်မူတည်ပြီး သူ့ရဲ့ကန့်သတ်ချက်တွေလည်း ရှိတယ်ဆိုတာ သတိထားမိတယ်။ အထူးသဖြင့် အပစ်ခတ်ရပ်စဲထားတဲ့အချိန်မှာ စစ်ရေးအရလှုပ်ရှားမှုတွေမလုပ်ဖို့ လက်နက်နဲ့လူသူစုဆောင်းမှုတွေ စစ်ရေးသက်ဆိုင်တာတွေ မလုပ်ဖို့ကိုလည်း ကန့်သတ်ထားတယ်။ လုပ်တယ်လို့ သိတယ်ဆိုရင်လည်း သူ့အနေနဲ့ တိုက်ခိုက်မယ်ဆိုတာလည်း သူပြောထားတယ်။ ဒါက စစ်ရေး၊ နိုင်ငံရေးအရ သူ့အနေနဲ့ အသာစီးရတယ်လို့ ယူဆပြီး တုံ့ပြန်မှုတခုအဖြစ် မြင်ရတယ်။

တဖက်မှာ အာရှဒေသတွင်းမှာ ချိတ်ဆက်လုပ်ဆောင်ဖို့လိုအပ်တဲ့ လိုအပ်ချက်အဖြစ် နားလည်ထားတယ်။ နောက်တဖက်မှာလည်း BIMSTEC မလာခင် စစ်ကောင်စီနဲ့ထိတွေ့ဖို့ လိုအပ်တယ်ဆိုတဲ့ ယူဆချက်တွေနဲ့ ထိုင်းနိုင်ငံကရော၊ တရုတ်နိုင်ငံကရော ထိတွေ့ဆက်ဆံမှုတွေ မြန်မာ့အရေး တည်ငြိမ်ဖို့ဆိုတဲ့ဟာတွေ သူတို့ ကြိုးစားတာတွေလည်း ရှိတယ်။ အဲဒါရဲ့နောက်ဆက်တွဲမှာ သူတို့ တွေ့ဆုံ ညှိနှိုင်းမှုတွေ အထူးသဖြင့် ကုန်သွယ်မှုပိုင်းဆိုင်ရာ ချိတ်ဆက်ပြီးတော့ သူတို့အနေနဲ့ ညှိနှိုင်းဆွေးနွေးမှုဆိုတဲ့ စဉ်းစားမှုနဲ့လုပ်တယ်။

လုပ်ပေမယ့်လည်း မနေ့ကနဲ့တနေ့က တောက်လျောက်ကတော့ ထိုင်းနိုင်ငံတွင်းမှာလည်း နိုင်ငံရေးအရ ထိုင်းက ကျားဖြန့်ကိစ္စနဲ့ပတ်သက်ပြီး တရုတ်ဝိဂါတွေကို ပြန်လွှတ်လိုက်တဲ့ကိစ္စနဲ့ မူတည်ပြီး အမေရိကန်က ပိတ်ဆို့တဲ့ ကိစ္စတွေ တခြား ထရန့်ရဲ့တုံ့ပြန်မှုတွေ ရှိတဲ့အချိန်မှာ သူတို့အနေနဲ့ သတိထားနေရတဲ့အချိန်မှာ နိုင်ငံရေး ရပ်တည်ချက်နဲ့ နိုင်ငံတကာရေးရာနဲ့ပတ်သက်ပြီး သတိထားနေရတဲ့အခြေအနေ ဖြစ်တဲ့အတွက်ကြောင့် စစ်ခေါင်းဆောင်ကို မဖိတ်ဖို့ မခေါ်ဖို့ လက်မခံဖို့ ပြောတာဆိုတာလည်း ရှိတယ်။ သူတို့အနေနဲ့ စဉ်းစားတွက်ချက် လုပ်ထားတဲ့ အနေအထားရှိတော့ အခုဖိတ်ခေါ်ထားပြီးသားကို မပြင်ဘဲနဲ့ ခေါ်လိုက်ရတယ်ပေါ့။

မေး။ ။ ဘင်းမ်စတက်အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ ငလျင်ဘေးအတွက် တုံ့ပြန် ကူညီရေးကိစ္စတွေ ဆွေးနွေးမယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ရော တစုံတရာ ဆွေးနွေးလာနိုင်မလား။

ဖြေ။ ။ တရားဝင်ဘင်းမ်စတက်မှာတော့ နိုင်ငံရေးအရ အများကြီးဆွေးနွေးမယ်လို့ ကျွန်တော့်အနေနဲ့ မထင်ဘူး။ ရည်ရွယ်ချက်နဲ့ တခြားအကြောင်းတွေ ရှိတော့လေ။ ဘင်းမ်စတက်ခေါင်းဆောင်တွေနဲ့ အလွတ်တန်း သဘော ညှိနှိုင်းတာမျိုးတော့ ရှိကောင်းရှိနိုင်ပါတယ်။

မေး။ ။ စစ်ကောင်စီက လက်ရှိကြေညာထားတဲ့ ယာယီအပစ်အခတ်ရပ်စဲရေးကြေညာချက်က သူတို့ ကြေညာသလို တည်နိုင်ပါ့မလား။

ဖြေ။ ။ အခုသိရသလောက် နေပြည်တော်လည်း အပျက်အစီးများတယ်။ နေပြည်တော်ဆိုတာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား အခြေစိုက်ရာမြို့လည်း ဖြစ်တယ်။ အဲဒီအတွက် သူ့အနေနဲ့တုံ့ပြန်ချက်တွေ လိုအပ်နေတဲ့ လိုအပ်ချက်ရှိတယ်။ တဖက်မှာက တော်လှန်ရေးအရ စုစည်းမှုအားကောင်းနေတဲ့ဒေသ NUG ရဲ့အခြေစိုက် အခြေပြုဖို့ ကြိုးစားနေတဲ့ဒေသလည်း ဖြစ်တဲ့အတွက်ကြောင့် သူ့အနေနဲ့ထိန်းချုပ်ဖို့ ဒါမှမဟုတ် ပြန်ပြီးတော့ သိမ်းယူထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်လည်း သူ့အနေနဲ့ရှိတယ်။

အဲဒီကြားထဲမှာ ရက် ၂၀ အတွင်းမှာတော့ ဖြစ်နိုင်တာ သူ့အနေနဲ့လှုပ်ရှားမှု တခုခုရှိနေတယ်ဆိုတဲ့ဟာမျိုးတွေနဲ့ ပက်သက်ပြီး စွပ်စွဲပြီး တိုက်တာခိုက်တာမျိုးတော့ ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် တတ်နိုင်သလောက်တော့ ရှောင်လိမ့်မယ်လို့ ယူဆလို့ရတယ်။ အထူးသဖြင့် နိုင်ငံတကာရဲ့ ကူညီကယ်ဆယ်ရေးနဲ့ဝင်လာပြီး သူနဲ့ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးကို လုပ်ဖို့အတွက် သူ့အနေနဲ့ကြိုးစားကောင်းကြိုးစားမယ်။

ဒါပေမယ့် တပ်အပ်တော့ပြောလို့ မရဘူး။ ဘယ်အခြေအနေပေါ် စဉ်းစားလို့ရလည်းဆို ၂၀၀၈ နာဂစ်ဖြစ်တဲ့ အချိန်မှာ စစ်တပ်ကနေ ကူညီ ကယ်ဆယ်ရေးနဲ့ ဆိုင်တဲ့ ဘေးအန္တရယ်ကယ်ဆယ်ရေးနဲ့ဆိုင်တာတွေ သူတို့ဖွဲ့ပြီး လုပ်ခြင်းအားဖြင့် နိုင်ငံတကာ အေဂျင်စီတွေနဲ့ ဆက်ဆံရေး သူ့အနေနဲ့တဖြည်းဖြည်း ဆွဲတင်သွားခဲ့ဖူးတာတော့ ရှိခဲ့တယ်။ အဲဒီလိုပုံစံမျိုး လုပ်လို့ရနိုင်တယ်လို့ ယူဆကောင်းယူဆနေတဲ့ လူတွေလည်းရှိတယ်လို့ ပြောလို့ရနိုင်တယ်ခင်ဗျ။

သံလွင်တိုင်းမ် ပေးပို့သည်။