စစ်ကောင်စီက အပစ်ရပ်ကြောင်းကြေညာပြီး နောက်တစ်ရက်မှပင် မကွေးတိုင်း စေတုတ္တရာ၊ ပွင့်ဖြူနှင့် စလင်းမြို့နယ်များတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ဧပြီ ၂ ရက်နေ့တွင် အပစ်ရပ်ကြောင်း ကြေညာပြီးနောက်တစ်ရက် ဖြစ်သည့် ဧပြီ ၃ ရက်နေ့တွင် စလင်းမြို့နယ်တွင် အင်အား ၂၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။
ဒေသခံတစ်ဦးက “အပစ်ရပ်တယ်ဆိုလို့ အိမ်ပြန်နေရမယ်မှတ်တာ။ မနေ့က (ဧပြီ ၃ ရက်) ပဲ စစ်ကြောင်းထိုးတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဒီနေ့လည်း ပစ်နေတုန်းပဲ။ ဘာမှထူးခြားသွားတာ မရှိပါဘူး” ဟု ပြောသည်။
ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာမှ ပျူစောထီးနှင့် စစ်ကောင်စီပူးပေါင်းတပ်အင်အားတို့သည်လည်း ဧပြီ ၃ ရက်နေ့က ရေပုတ်ကလေးကျေးရွာဘက်ကို လက်နက်ကြီးများနှင့် ပစ်ခတ်မှုများရှိခဲ့သည်ဟု ရွာသားများက ပြောဆိုသည်။
ထို့အပြင် ဧပြီ ၄ ရက် နံနက်ပိုင်းတွင်လည်း စေတုတ္တရာမြို့နယ် ကူတော်ရွာရှိ စစ်ကောင်စီတပ်က မုန်ညှင်းကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်း၊ မန္တလေးမြို့တို့ကို ဗဟိုပြုသည့် အင်အားပြင်းငလျင်လှုပ်ခတ်ပြီး နောက်တွင်ပင် စစ်ကောင်စီသည် စလင်းမြို့နယ်မှ တညောင်၊ သစ်ခေါက်တောင်ရွာကို လေကြောင်းတိုက်ခိုက်မှု ဆယ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။