သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ကနေ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန်ပြင်ဆင်နေပြီး ဆေးရုံနှင့် ဌာနဆိုင်ရာရုံးတွင်းပစ္စည်းများအားလုံးကို ကားတင်ပြောင်းရွှေ့နေကြောင်း ဒေသခတို့ပြောဆိုမှုအရ သိရသည်။
ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီဘက်မှ ပြန်လည်ဝင်ရောက်မည် ဆိုခြင်းကြောင့် ဧပြီလ ၃ ရက်နေ့မှ စတင်၍ ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများမှ ပစ္စည်းများအားလုံးကို ကားကြီး ကားငယ်ဖြင့်တင်ဆောင်ပြီး ကိုးကန့်တပ်သားများက မြို့ပေါ်မှတပ်ဆုတ်ခွာရန် ပြင်ဆင်နေသည်ဟု ဒေသခံများက ပြောသည်။
လားရှိုးဒေသခံအမျိုးသားတစ်ဦးက “ကိုးကန့်ကတော့ တပ်ဆုတ်မှာသေချာသွားပြီ။ အခုဆေးရုံထဲက ပစ္စည်းအကုန်လုံး ကားကြီးကားငယ်နဲ့ အကုန်သယ်ထုတ်နေပြီ။ ဘာမှမချန်ထားဘူး အခွံပဲကျန်တယ်။ မနေ့ကလည်း EPC ရုံးထဲ ကြေးနန်းကြိုးတွေကအစ သယ်သွားလို့ မြို့အတွက် ချန်ထားပေးပါဦးပြောတာ ရန်တောင်ဖြစ်တဲ့အထိပဲ” ဟု ပြောသည်။
တရုတ်၏ဖိအားကြောင့် သင်္ကြန်အပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သည့် ဧပြီလ ၁၇ ရက်နေ့အထိ လားရှိုး မြို့ပေါ်မှ MNDAA တပ်ဖွဲ့ဝင်များကို တပ်ဆုတ်ခွာရန် အချိန်ပေးထားကြောင်း ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုတွင် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး၊လဝကကဲ့သို့ ဌာနဆိုင်ရာ ရုံးအဖွဲ့များ စတင်ဝင်ရောက်မည်ဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့၏ စစ်ရေးအုပ်ချုပ်မှုကော်မတီလည်း ဆက်ရှိနေမည် ဖြစ်ကာ ဘေးပတ်ဝန်းကျင်ရှိကျေးရွာများကို ထိန်းချုပ်ထားမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
“အခုတော့ အကုန်လုံးမဆုတ်သေးဘူး၊ မြို့ထိန်းဖို့လောက်တော့ ကျန်ဦးမယ်။ သိရသလောက် ဝ နဲ့ စကစနဲ့က အတူတူဝင်လာမယ်။ ကိုးကန့်တပ်က နမ့်ပေါင်မှာ သွားကြိုမယ်လို့ ကြားတယ်။ ဧပြီ ၁၇ ရက်နေ့ နောက်ဆုံးထွက်မယ်လို့ ပြောတယ်” ဟု လားရှိုးဒေသခံအမျိုးသားက ဆက်ပြောသည်။
ယခုတပ်ဆုတ်ခွာရန် ပြင်ဆင်နေသည့် ကိုးကန့်တပ်ဖွဲ့နေရာတွင် ‘ဝ’ တပ်ဖွဲ့ UWSA က အစားထိုး ဝင်ရောက် နေရာယူရန် တွေ့မြင်နေရသည်ဆိုသော ဒေသခံတို့ပြောဆိုချက်နှင့် ပတ်သက်ပြီး ‘ဝ’ ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းထံဆက်သွယ်မေးမြန်းခဲ့ရာ “ကျနော်တို့အဖွဲ့ ပုံမှန်ပါပဲ” ဟု ပြန်လည်ဖြေကြားသည်။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ရာ သဘောတူညီချက် တစုံတရာမရရှိခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း ယခုအခါ လားရှိုးမြို့ပေါ်ကနေ MNDAA မှ သင်္ကြန်အပြီး တပ်ဆုတ်ပေးရန် ဖြစ်လာသည်။
ထိုသို့မတိုင်ခင် မတ်လ ၁၃ ရက်နေ့မှစတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ဖွဲ့စည်းသတ်မှတ်ထားသည့် ကိုးကန့်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်နှင့် မုံးကိုးခရိုင်တို့မှ စစ်ဦးစီးမှူးများကို တရုတ်အာဏာပိုင်များက ကူမင်းမြို့သို့ အရေးပေါ် ခေါ်ယူခဲ့ပြီး စစ်ကောင်စီနှင့်မတွေ့ဆုံခင် ကြိုတင်ဆွေးနွေး ဖိအားပေးမှုများလုပ်ဆောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တို့ထံမှ သိရသည်။
လားရှိုးမြို့ခံအမျိုးသမီးတစ်ဦးက “အခုက ညှိနှိုင်းပြီး တပ်ဆုတ်တာဆိုတော့ တိုက်ပွဲမဖြစ်ဖို့ မျှော်လင့်ရတာပေါ့။ ပြည်သူကတော့စိတ်ထိခိုက်ရတာပေါ့၊ မြို့သိမ်းတိုက်ပွဲတုန်းကလည်း အသက်အိုးအိမ်စည်းစိမ်တွေ အကုန်ပေးဆပ်ထားရတော့ ကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေစာပင်ဖြစ်ရသလိုပေါ့။ မြို့ကြီးကို အခွံပဲကျန်အောင် ဖျက်ဆီးပြီးမှ အခုလိုထွက်သွားတာ တရားသလား” ဟု ပြောသည်။
အလားတူ မတ်လဆန်းပိုင်းမှစတင်ပြီး လားရှိုးမြို့မှ ကိုးကန့်တပ်သားအင်အားအများအပြား စစ်လက်နက် အပြည့်အစုံကိုင်ဆောင်ပြီး သိန္နီမြို့ဘက်သို့ မျက်နှာမူ၍ ချီတက်သွားခြင်းကြောင့် ယခင်က သတင်းထွက်ပေါ် ခဲ့သည့်အတိုင်း ဇွန်လမတိုင်မီ လားရှိုးမြို့ပေါ်မှကိုးကန့်တပ်များ အသုတ်လိုက်ဆုတ်ခွာသွားမည်ကို ဒေသခံများက စိုးရိမ်ခဲ့ကြသည်။
စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ဩဂုတ်လပထမပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး (၆) လကျော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့ရာမှ ဧပြီလကုန်ပိုင်းတွင် စစ်ကောင်စီထံ ပြန်လည်လက်လွှတ်ရမည့် အခြေအနေ ဖြစ်လာနေသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။