စစ်ကောင်စီက ငလျင်ဘေးကူ တရုတ်ကြက်ခြေနီယာဉ်တန်းကို ခြောက်လှန့်ပစ်ခတ်ခဲ့ဟု ဝန်ခံပြောဆို

By MPM 3 ဧပြီ, 2025 👁

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးတွင် ငလျင်ဘေးကူညီရန်လာရောက်သည့် တရုတ်ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီက ဝန်ခံပြောဆိုသည်။

အင်အားပြင်းငလျင်ဒဏ်ကြောင့် လူထောင်ချီဘေးသင့်နေချိန် နယ်စပ်မှတဆင့် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရန် ဝင်ရောက်လာသော တရုတ်ကြက်နီခြေအဖွဲ့ယာဉ်တန်းသည် နောင်ချိုမြို့အနီးတွင် ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်။

ထိုသို့ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဧပြီလ ၁ ရက်နေ့၊ ည ၉ နာရီခွဲလောက်မှာ နောင်ချိုဘက်ကနေပြီး ယာဉ်တန်းပေါ့ ၉ စီးလောက်ပါတယ်လို့ ပြောပါတယ်။ လာတာကို တွေ့ရပါတယ်။ အုမ္မတီးရွာနားမှာ တပ်မတော်လုံခြုံရေးအဖွဲ့ ရှိပါတယ်။ တပ်မတာ် လုံခြုံရေးအဖွဲ့အနေနဲ့ ဒီယာဉ်တန်းကိုတွေ့တဲ့အခါမှာ တားဆီးပါတယ်။ တားဆီးလို့ မရပါဘူး။ မီတာ ၁၀၀ လောက်၊ မီတာ ၂၀၀ လောက်အကွာကနေ မီးထိုးပြီး တားဆီးတယ်။ တားဆီးလို့ မရဘူး။ မီတာ ၁၀၀ လောက်အကွာမှာတော့ မိုးပေါ်ထောင်ပြီး သေနတ် ၃ ချက် ပစ်ဖောက်ခဲ့တယ်လို့သိရပါတယ်။ ဒါနဲ့ နောင်ချိုဘက်ကို ပြန်သွားတယ်လို့ အကြမ်းဖျင်း သိရပါတယ်” ဟု ပြောသည်။

ကြိုတင်အသိပေးမှု မရှိသောကြောင့် တရုတ်နိုင်ငံကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခဲ့သည်ဟု စစ်ကောင်စီ ပြောခွင့်ရသူက ဆိုသည်။

တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ကား ၉ စီးပါ ယာဉ်တန်းသည် မန္တလေးမြို့သို့ ဦးတည်လာစဥ် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာ၌ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ငလျင်ကယ်ဆယ်ရေးအတွက် မြန်မာနိုင်ငံအတွင်း ဝင်ရောက်မည်ဆိုပါက သက်ဆိုင်ရာကို ကြိုတင်အကြောင်းကြားခြင်းနှင့် လုံခြုံရေးအကူအညီယူခြင်းမျိုး လုပ်ဖို့လိုအပ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီရန်ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် တရုတ်ကြက်ခြေနီ ယာဉ်တန်းကို ကြိုတင်အသိမပေးသောကြောင့် သေနတ်မိုးပေါ်ထောင်၍ ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းက ဧ​ပြီလ ၂ ရက်နေ့တွင် ပြောဆိုခြင်းဖြစ်သည်။

အဆိုပါ တရုတ်ယာဉ်တန်းမှာ မန္တလေးမြို့သို့ ခရီးသွားမည့်အကြောင်းကို စစ်ကောင်စီထံ သတင်းပေးပို့ခဲ့ပြီး ဖြစ်သော်လည်း သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသောကြောင့် နောင်ချိုမြို့သို့ ပြည်လှည့်ခဲ့ရသည်ဟု TNLA ၏ သတင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

TNLA က ထုတ်ပြန်ထားသည့် ဓာတ်ပုံတွင် တရုတ်ကြက်ခြေနီယာဉ်တန်းအရှေ့ရှိ ကြက်ခြေနီအမှတ်အသားနှင့် အနီရောင်ဆိုင်းဘုတ်တွင် ငလျင်ဒဏ်သင့်ထောက်ပံ့ရေးပစ္စည်းများဟူသော စာသားကို တရုတ်-မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြထားပါသည်။

စစ်ကောင်စီက တရုတ်ကြက်ခြေနီယာဉ်တန်း ပစ်ခတ်ခံရမှုထဲ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှု တစုံတရာမရှိဘူးဟုလည်း ထုတ်ပြန်ပြောဆိုထားသည်။

NMG ပေးပို့သည်။