30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းစစ်ကောင်စီရေတပ်က ရေလုပ်သားများ၊ ပင်လယ်ပြင်အတွင်း ထောက်ခံစာဖြင့်သွားလာရန် ညွှန်ကြားထား

စစ်ကောင်စီရေတပ်က ရေလုပ်သားများ၊ ပင်လယ်ပြင်အတွင်း ထောက်ခံစာဖြင့်သွားလာရန် ညွှန်ကြားထား

စစ်ကောင်စီ မောရဝတီရေတပ်စခန်း၏ညွှန်ကြားချက်ကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကဗျာဝနှင့် မန်ကျဉ်းရွာမှရေလုပ်သားများ ပင်လယ်ရေပြင်အတွင်း သွားလာခွင့်ထောက်ခံစာကို တစ်လလျှင်နှစ်ကြိမ် ကျေးရွာအုပ်ချုပ်ရေးရုံးထံ သက်တမ်းတိုးပြုလုပ်သွားလာနေရကြောင်း ဒေသတွင်းရေလုပ်သားတို့က ပြောသည်။

ထို့အပြင် ထောက်ခံပါရက်စွဲထက်ကျော်လွန်ပြီး သဲ၊ ကျောက်တူးဖော်ရေးစက်လှေနှင့် ငါးဖမ်းထွက်သည့် စက်လှေများကို စစ်ကောင်စီ မောရဝတီရေတပ်မှ ဖမ်းဆီးရိုက်နှက်မှုများပြုလုပ်နေပြီး ထောက်ခံစာဖြင့်သွားလာခွင့်ပြုသည့် ဖေဖော်ဝါရီလကစ၍ ရေလုပ်သား ၁၅ ဦးထက်မနည်း ဖမ်းဆီးရိုက်နှက်ခံခဲ့ရသည်ဟု ဆိုသည်။

ရေးဒေသခံတစ်ဦးက “တစ်ရက်နှစ်ရက်ကျော်သွားရင် ရေတပ်က ဖမ်းပြီးတော့စစ်တယ်။ တချို့က အလုပ်ကိစ္စကြောင့် ပိုက်ဆံအခက်အခဲကြောင့်ပေါ့နော်၊ သူတို့က အဲ့ဒါကို ကျော်သွားစရာလားဆိုပြီး ရိုက်တယ်၊ ပြစ်ဒဏ်အနေနဲ့ဆိုပြီး တစ်ယောက်ကို ငါးချက်ရိုက်တယ်၊ အသက်ကြီးတဲ့လူဆို သနားဖို့ကောင်းတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပင်လယ်ပြင်းအတွင်း စက်လှေဖြင့်သွားလာနေသည့် ရေလုပ်ငန်းလုပ်ကိုင်သူတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ တစ်လတကြိမ် သက်ဆိုင်ရာကျေးရွာအုပ်ချုုပ်ရေးမှူးများထံ ထောက်ခံစာများပြုလုပ်ရမည်ဟု မောရဝတီ ရေတပ်စခန်းကနေ ညွှန်ကြားပြောဆိုထားသည်ဟု ဆိုသည်။

သို့သော် ကျေးရွာအုပ်ချုပ်ရေးမှုးတို့က ထောက်ခံစာကို ၁၅ ရက်သက်တမ်းသာပြုလုပ်ပေးသဖြင့် ရေလုပ်သားများမှာ တစ်လလျှင် ၂ ကြိမ်သက်တမ်းတိုးရသည့်အပြင် လှေအကြီးအသေးအပေါ်မူတည်၍ ငွေ ၂ သောင်းကျပ်မှ ၄ သောင်းကျပ်အထိ ပေးဆောင်နေရသည်ဟု ပြောဆိုကြသည်။

“ထောက်ခံစာက တကယ်ဆို တစ်လမှတကြိမ်ပဲ လုပ်ရတာ။ အုပ်ချုပ်ရေးမှုးက ရေတပ်က ပြောထားတာက၊ ဒါပေမဲ့ ရွာလူကြီးတွေက (၁၅) ရက်အတွက်ပဲ လုပ်ပေးတယ်။ လှေငယ်ရင် နှစ်သောင်းပေးရတယ်၊ လှေကြီးရင် တော့ သုံးသောင်း၊ လေးသောင်းထိ ပေးရတယ်၊ ၁၅ ရက်ပြည့်ရင် နောက်တစ်ခါ ထပ်လုပ်ရတယ်၊ ပိုက်ဆံထပ်ပေးရတယ်” ဟု စက်လှေသမားတစ်ဦးက ပြောသည်။

ရေလုပ်သားတို့ ကမ်းဝေးသို့ ငါးဖမ်းထွက်ခွာစဉ်တွင်လည်း ရေလမ်းတလျောက်ရှိ စစ်ကောင်စီမောရဝတီ ရေတပ်ကို စားနပ်ရိက္ခာထောက်ပံ့ကြေးဟုဆိုကာ လှေတစ်စီးလျှင် ကျပ် (၃၀,၀၀၀) ထပ်မံပေးဆောင်ရသေးကြောင်း ၎င်းက ဆက်ပြောသည်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီမော်ရဝတီရေတပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပတ်သတ်ဆက်နွယ်မှုရှိသူတို့ကို ဖမ်းဆီးအရေးယူနေသည့်အပြင် ရေးမြို့နယ်နှင့် ရေဖြူမြို့နယ်မှ ရေလုပ်ငန်းလုပ်ကိုင်သူတို့ကို စစ်ဆေးကန့်သတ်မှု တင်းကြပ်လျှက်ရှိသည်။

ရေးမြို့နယ်အတွင်း ရေလုပ်သားအများစုသည် မြန်မာပြည်အလယ်ပိုင်းမှ လာရောက်အလုပ်လုပ်ကိုင်သူတို့ဖြစ်ပြီး ကမ်းဝေးပင်လယ်ပြင်ထိ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့်အပြင် ကမ်းရိုးတမ်းရှိ သဲ၊ကျောက်တူးဖော်ရေးတို့လည်း ဝင်ရောက်လုပ်ကိုင်နေကြသည်။

မွန်ပြည်နယ်တွင် ကမ်းဝေးငါးဖမ်းသင်္ဘော ၃၀၀ ကျော်ရှိပြီး ရေးမြို့နယ်တွင် အစီးရေ ၂၀၀ ဝန်းကျင်၊ သံဖြူဇရပ် မြို့နယ်တွင် အစီးရေ ၁၁၈ ရှိကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

IMNA ပေးပို့သည်။