ငလျင်ကပ်ဘေးဖြစ်ချိန် စစ်ရေးမဖော်ဆောင်သင့်ဟု တော်လှန်ရေးအင်အားစုများပြောဆို

By MPM 2 ဧပြီ, 2025 👁 2

ငလျင်ကပ်ဘေးဒဏ်ကြောင့် ပြည်သူအများအပြား ဒုက္ခရောက်နေချိန်တွင် စစ်ရေးမဖောင်ဆောင်သင့်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးသမားများက ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်း၊ မကွေးတိုင်း ဒေသတချို့တို့တွင် ငလျင်ဘေးသင့်ခဲ့ပြီး လူသေဆုံးမှု၊ နေအိမ် အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများ၊ လမ်း၊ တံတားနှင့် ဘာသာရေးအဆောက်အဦး အများအပြား ထိခိုက်ပျက်စီး ခဲ့ရသည်။

ငလျင်ဘေးသင့်ပြည်သူများကို ကယ်ဆယ်ပြီး ပြုစုစောင့်ရှောက်မှု၊ ကုသမှုများ အားစိုက်လုပ်ရမည့်အချိန်တွင် စစ်ရေးလှုပ်ရှားမှုများကို လျော့ချရမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/NCA/S) ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

“ကျနော်အနေနဲ့တော့ ဒီတိုင်းပြည်ကို အုပ်ချုပ်တဲ့အဖွဲ့အစည်းဆိုရင်တော့ သဘောထားကြီးပြီးတော့ ဒီလုပ်ရပ်တွေကိုတော့ မဖြစ်သင့်ဘူးလို့ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ စစ်မက်ရေးရာ ဖော်ထုတ်ဖို့ အချိန်မဟုတ်ဘဲနဲ့ မေတ္တာတရားနဲ့ တိုင်းသူပြည်သားတွေကို အုပ်ချုပ်ရမယ့် အချိန်ဖြစ်ပါတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဒါကြောင့် တဖက်က ငလျင်ဘေးမှာအသက်ကယ်ရမယ်။ လူတွေကယ်ရမယ်။ ပြုစုစောင့်ရှောက်ရမယ်။ ကုသရမယ်။ အဲဒါတွေကို အားစိုက်ပြီးတော့လုပ်ရမယ်။ စစ်ရေးကိုလျော့မယ်၊ ဒါမှမဟုတ်လည်း တဖက်သတ်ပေါ့။ ရပ်ဆိုင်းပေးရင်တော့ အကောင်းဆုံးရှိမှာပေါ့ဗျာ။ ဒါကတော့ ကျနော် အကြံပြုချင်တာ” ဟု ပြောဆိုသည်။

ငလျင်ဘေးဒဏ်သင့်နေချိန် စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်းရှိ တအာင်းတပ် TNLA သိမ်းပိုက်ထိန်းချုပ် ထားသည့် နောင်ချိုမြို့အပါအဝင် ဒေသတချို့တို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု တော်လှန်ရေး အဖွဲ့များက ပြောသည်။

မြန်မာပြည်သူပြည်သားများနှင့် တော်လှန်ရေးအဖွဲ့အစည်းများက ငလျင်ဘေးကိုအာရုံစိုက်နေချိန် စစ်ကောင်စီက ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ပြန်သိမ်းပိုက်ရန် အင်အားဖြည့်နေသည်ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

နိုင်နဂါးက “အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ မြေငလျင်လှုပ်တဲ့နေ့မှာပဲ အဲဒီညနေပိုင်းမှာ မကွေးတိုင်း ဘက်မှာ လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိတယ်။ နောက်တနေ့မှာပဲ တနေရာထဲမှာ ၅ ခေါက်တိတိ ဗုံးကြဲခဲ့တာတွေ ရှိတယ်ဗျ၊ အဲဒါအပြင် အခုဆိုလို့ရှိရင် စစ်ကောင်စီက ပြည်သူပြည်သားတွေ တော်လှန်ရေးအဖွဲ့အစည်းတွေ ငလျင် ဘက်မှာ အာရုံစိုက်နေချိန်မှာ ရှမ်းမြောက်ပိုင်းဒေသလားရှိုးကို ပြန်လည်သိမ်းပိုက်ဖို့ဆိုပြီးတော့ လေယာဉ်နဲ့ သူတို့ရဲ့တပ်တွေကို အင်အားထပ်ဖြည့်နေတာ ကျနော်တို့ ကြားရတယ်” ဟု ပြောသည်။

ပြည်သူလူထုအများအပြား ငလျင်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေချိန်တွင် ၎င်းတို့၏အာဏာ တည်တံ့ရန်အတွက် ယခုလို စစ်ရေးများ ဆက်လက်မြင့်တင်နေခြင်းသည် လူသားမဆန်သည့် လုပ်ရပ်၊ စစ်ခေါင်းဆောင်နှင့် ၎င်းတို့ မိသားစုအကျိုးစီးပွားအတွက်သာ ဖြစ်သည်ဟုဆိုသည်။

မတ်လ ၃၁ ရက်နေ့ကလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၈) နယ်မြေကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သင်တန်းတက်နေသည့် လူငယ် ၃၈ ဦး သေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

ငလျင်ဘေးအတွင် ထိရောက်သည့်ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့က အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်မည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။

ထို့နောက်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် တစ်နိုင်ငံလုံးရှိပြည်သူများကို စာနာထောက်ထားခြင်း အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့ကို အရှိန်ဟုန်မြင့်ဆောင်ရွက်စေရန်အတွက် စစ်ကောင်စီတပ်က ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်အထိ ရက်ပေါင်း ၂၀ ကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာအဖြစ် ထုတ်ပြန်ခဲ့သည်။

IMNA ပေးပို့သည်။