30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းIEC က ငလျင်ဘေးသင့်ပြည်သူများ ကရင်နီပြည်အတွင်း လာရောက်ခိုလှုံနိုင်ကြောင်းပြောဆို

IEC က ငလျင်ဘေးသင့်ပြည်သူများ ကရင်နီပြည်အတွင်း လာရောက်ခိုလှုံနိုင်ကြောင်းပြောဆို

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့ကိုဗဟိုပြုပြီး မတ်လ ၂၈ ရက်နေ့က ရစ်ချ်တာပြင်းအား ၇.၇ စကေးဖြင့် လှုပ်ခတ်ခဲ့သည့် ပြင်းအားအလွန်ကြီးမားသည့် ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် ကရင်နီပြည်တွင်းသို့ လာရောက်ခိုလှုံနိုင်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ဖိတ်ခေါ်ခဲ့သည်။

IEC က ကရင်နီ (ကယား) ပြည်အတွင်းရှိ အင်အားစုများနှင့် ပူးပေါင်းပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသည့် ပြည်သူများကို ပံ့ပိုးကူညီသွားမည်ဟု မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

IEC အတွင်းရေးမှူး -၂ ဦးဗညားက “လူသားချင်းစာနာထောက်ထားမှုကို အခြေပြုပြီးတော့မှ ကျနော်တို့ ပြည်နယ်ထဲကို ခိုလှုံခွင့်ကိုပေးခြင်းဖြစ်တယ်။ လာရောက်နေထိုင်တဲ့သူတွေက သက်ဆိုင်ရာဌာန ၂ ခုကို အကြောင်းကြားပြီးတော့မှ ဝင်ရောက်နေထိုင်နိုင်ပါတယ်” ဟု ပြောဆိုသည်။

ကရင်နီပြည်အတွင်းကို လာရောက်ခိုလှုံမည့် ငလျင်ဘေးသင့်ပြည်သူများကိုလည်း လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်သွားမည်ဟုလည်း ဦးဗညားက ဆက်ပြောဆိုသည်။

နိုင်ငံတကာအစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ငလျင်ဘေးသင့်ပြည်သူများအား လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အကူအညီများ ပံ့ပိုးပေးရန်လည်း IEC က တပါတည်း တောင်းဆိုထားသည်။

ကရင်နီပြည်နှင့် ထိစပ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသနှင့် ပင်လောင်းမြို့နယ်တို့တွင် မတ်လ ၂၈ ရက်နေ့ ပြင်းအားမြင့်မြေငလျင်ဒဏ်ကြောင့် လူပေါင်း ၉၀ ကျော်သေဆုံးပြီး နေအိမ် ၂၅၀၀ ကျော် ပျက်စီးဆုံးရှုံး သွားခဲ့သည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က မတ်လ ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။

ပြင်းအား ၇ . ၇ ရှိ မြေငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများသည့် ဒေသခြောက်ခုကို စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

အင်အားပြင်းငလျင်ကြီးကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လူနေအဆောက်အဦး ၂၉၇၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဘုရားစေတီ ၁၀၀ နီးပါး၊ ဗလီ ၅၀ ကျော် ပျက်စီးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားခဲ့သည့် ပြင်းအားမြင့်ငလျင်ကြောင့် မတ်လ ၃၁ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူဦးရေ ၂၄၁၈ ဦးရှိပြီး ပျောက်ဆုံးနေသူများရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကန္တာရ၀တီတိုင်း(မ်)- ပေးပို့သည်။