မကွေးတိုင်း စလင်းမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး လေကြောင်းတိုက်ခိုက်မှုများကိုပါ ပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်က မတ်လ ၃၀ ရက်တွင် စလင်းမြို့နယ်သို့ အင်အား ၁၀၀ ဝန်းကျင်နှင့် လက်နက်ကြီးများကိုပါ ဖြည့်တင်းမှုရှိပြီး မတ်လ ၃၁ ရက်တွင် လေကြောင်းကနေ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပွင့်ဖြူ – စလင်းလမ်းပိုင်းမှဒေသခံတစ်ဦးက “မနေ့က သူတို့က မင်းဘူးဘက်ကနေ ကားတွေနဲ့လာတာ။ လက်နက်ကြီးတွေက တခါမှမမြင်ဖူးဘူး။ မိုးကာအုပ်ထားတာ အကြီးကြီးပဲ။ လမ်းကမလွတ်တဲ့ ဓာတ်ကြိုးတွေကိုလည်း တိုက်သွားတာ” ဟု ပြောသည်။
လက်နက်ကြီးတင်ဆောင်လာသောကား အပါအဝင် ကား ၄ စီးဖြင့် တပ်အင်အား ၁၀၀ ဝန်းကျင်သည် တောစိမ့်စစ်တပ်ကို အင်အားဖြည့်တင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
မတ် ၃၁ ရက်တွင် စလင်းမြို့နယ်ရှိ တစ်နေရာကို စစ်ကောင်စီတပ်သားများက ဂျက်ဖိုက်တာ ၃ စီးဖြင့် လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့ထံမှသိရပြီး အခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။
မတ် ၂၄ ရက်နေ့ မနက်ပိုင်းတွင် စလင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါး အပါအဝင် ၃ ယောက်ဒဏ်ရာရရှိခဲ့သေးသည်။
မြန်မာနိုင်ငံတွင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့တွင် မတ် ၂၈ ရက်နေ့က ပြင်းအား ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် NUG က ငလျင်ဖြစ်ပွားရာဒေသများတွင် ထိုးစစ်နှစ်ပတ်ရပ်နားမည့်ဟု ကြေညာထားသော်လည်း စစ်ကောင်စီက နေစဉ်ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။
သံလွင်တိုင်းမ် ပေးပို့သည်။