နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပတ်ပတ်လည်ဝိုင်းထားပြီး မြေပြင်ထိုးစစ် အင်အားဖြည့်တင်းနေ

By MPM 26 မတ်, 2025 👁 6

သျှမ်းပြည်၊ နောင်ချိုမြို့နယ် တောင်းခမ်းဒေသကို စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင်နေစဉ် မဲပုတ်ကျေးရွာရှိ တိမ်ပင်လယ်နေရာများကို ပြန်လည်နေရာယူထားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တို့ ပြောဆိုမှုအရ သိရသည်။

မတ်လဆန်းပိုင်းမှစတင်ပြီး နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ လအတော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့သည့် အမြောက်တပ်စခန်းနေရာများကို စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ပြန်လည်နေရာယူထားခြင်း ဖြစ်သည်။

မတ်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်က တောင်းခမ်းဒေသရှိ နောင်လိုင်၊ မဲပုတ်နှင့် နောင်ချိုလေးကျေးရွာများကို ထပ်မံထိန်းချုပ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

နောင်ချိုမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက “တောင်းခမ်းဘက်ကတော့ အားလုံးနီးပါး ပြန်ပါသွားပြီလို့ ပြောတယ်။ မနေ့ကရသွားတာက နောင်လိုင်၊ မဲပုတ်နဲ့ နောင်ချိုလေးဘက်က စော်ဘွားတောင်နဲ့ ရွှေဧရာ တိမ်ပင်လယ်မှာ သိမ်းပြီးသွားပြီ။ အခု ရွာထဲမှာ နေလို့မရတော့ဘူး” ဟု ပြောသည်။

တောင်းခမ်းဒေသတိုက်ပွဲများတွင် သီပေါမြို့နယ်၊ နမ့်လန်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၀၅) နှင့် မန်လီအခြေစိုက် ခမရ (၁၇) တို့က လက်နက်ခဲယမ်းနှင့် စစ်အင်အားဖြည့်တင်းနေကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။

အလားတူ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီဘက်က မြေပြင်ထိုးစစ်အပြင် လက်နက်ကြီးပစ်ကူနှင့် ဒရုန်းဗုံးကြဲတိုက်ခိုက်မှုများလည်း ခပ်စိပ်စိပ်လုပ်ဆောင်လာခြင်းကြောင့် ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ ကျေးရွာများမှ နေအိမ်အမြောက်အများ မီးလောင်ပြာကျပြီး ဖျက်ဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

“လမ်းမကြီးတလျှောက်ကတော့ သတိထားရမယ်။ စစ်တပ်က သူတို့တက်လာတာနဲ့ အကုန်ဖျက်ဆီးမှာ။ သူတို့မရောက်ခင် ဒရုန်းတို့ လက်နက်ကြီးတို့နဲ့ အရင်ပစ်ပြီး တက်လာမှာ။ အခု တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်။ အိမ်တွေကတော့ အကုန်လုံး ဒရုန်းဗုံးမိထားလို့ ပျက်စီးကုန်ပြီ။ လောလောဆယ် စစ်တပ်ဘက်က ရှေ့တိုးလာပြီး ဝိုင်းထားတယ်” ဟု နောင်ချိုမြို့နယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လျက်ရှိသည့် အုမ္မသီးလမ်းခွဲ၊ ဆိုင်းခေါင်၊ ရေမောင်းတန်း၊ ကံ့ကော်နှင့် နားခေါ်ရွာများမှ စစ်ဘေးရှောင် ၂၀၀၀ နီးပါး အင်းဝိုင်းသကြားစက်ရုံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ထို့အပြင် နောင်ချိုမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများလည်း လေကြောင်းအန္တရာယ်စိုးရိမ်မှုကြောင့် မြို့ကိုစွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် သုံးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘောတူညီချက် တစုံတရာမရရှိဘဲ ဆွေးနွေးပွဲ မအောင်မြင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

အလားတူ TNLA နှင့် စစ်ကောင်စီတို့လည်း လာမည့် ဧပြီလအတွင်း တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးမည်ဟု ကြားသိရသည်။

“ကျနော်အထင်တော့ စစ်ကောင်စီက မကြာခင် TNLA နဲ့ တွေ့ဆုံမယ်။ ဒါကြောင့် စကားပြောချိန် အထက်စီးရအောင် ထိုးစစ်ဆင်နေတာပဲ။ MNDAA နဲ့လည်း ဆွေးနွေးမှုက မအောင်မြင်တော့ သျှမ်းမြောက်တကြော စစ်ရေးပြန်ဖြစ်မှာတောင် စိုးရိမ်နေရတယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

အခြားတဘက်တွင်လည်း စစ်ကောင်စီနှင့် စစ်ရေးပြင်းထန်နေသည့် TNLA သည် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင် မဟာမိတ်တပ်ဖွဲ့ အချင်းချင်းကြား နယ်မြေအငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာမှုများ မြင့်တက်နေသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။