နတ်ရေကန်ဗျူဟာစခန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေ

By MPM 25 မတ်, 2025 👁 5

ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် အမ်း – ပဒါန်း လမ်းပေါ်ရှိ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း အမ်းဒေသခံစစ်ရေးသတင်းရင်းမြစ်တိုထံက သိရသည်။

အင်အား ၂၀၀ ခန့်ပါသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှင့် AA တို့ မတ်လ ၁၈ ရက်နေ့မှစ၍ မကွေးတိုင်းအပိုင် ဂုတ်ကြီးစခန်းအနီးအနားရှိ ဗစည်ရွာနားနှင့် ဂုတ်ကြီးတောင်ထိပ်စခန်းတို့တွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်ဟု အမ်းဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဗစည်ရွာက နတ်ရေကန်ဗျူဟာကုန်းအောက်မှာရှိတာ၊ မကွေးဖက်ကလာရင် နတ်ရေကန်ကိုမရောက်ခင် ဂုတ်ကြီးစခန်း ရှိတယ်။ အခုတိုက်ပွဲဖြစ်နေတာက ဗစည်နဲ့ ဂုတ်ကြီးမှာဖြစ်တာ။ ဗစည်နဲ့ ဂုတ်ကြီးက နီးနီးလေး။ အဓိက, က နတ်ရေကန်စခန်းတိုက်ပွဲကို စစ်ကောင်စီဘက်က ထိုးစစ်အနေနဲ့ တက်လာတာ။ တိုက်ပွဲက ဒီနေ့အထိ ပြင်းတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီဘက်မှလည်း တိုက်ပွဲအတွင်းသို့ ပြည်သူ့စစ်မှုထမ်းများပါဝင်သည့် စစ်ကူအင်အားအလုံးအရင်းကို ထပ်မံဖြည့်တင်းနေသည်ဟု ပဒါန်းဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ထပ်မံပြောသည်။

“မနေ့က (မတ် ၁၈ ရက်) ညကလည်း စစ်ကူ ၂၀၀ လောက်ပို့တယ်။ ဒီနေ့မနက်လည်း စစ်ကူ ၁၀၀ ကျော် ထပ်ပို့တယ်။ ပြည်သူ့စစ်မှုထမ်းအင်အား အရမ်းများတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို မကွေးဘက်ကနေပို့နေသည့် စစ်အင်အား ရာနှင့်ချီမှာ လက်ရှိတွင် ဂုတ်ကြီးကျေးရွာဘုန်းကြီးကျောင်း၊ ဂုတ်စည်းစခန်း၊ ဗစည်ကျေးရွာ ဘုန်းတော်ကြီးကျောင်း တို့တွင် နေရာယူထားသည်ဟု ဆိုသည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကြောင်းကို မကွေးတိုင်း၊ ငဖဲမြို့နယ် စစ်ကောင်စီတပ်မှ ဗိုလ်မှူးသက်ထူးအောင် ဦးဆောင်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများက ပြောသည်။

လက်ရှိတွင် ဂုတ်ကြီးကျေးရွာဒေသခံများမှာ တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရကြောင်း သိရသည်။

AA ဦးဆောင်တိုက်ခိုက်နေသည့် နတ်ရေကန်စခန်းသိမ်းတိုက်ပွဲမှာလည်း ဆက်လက်ပြင်းထန်လျက်ရှိသည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

AA ထိုးစစ်သည် မကွေးအထိ ရောက်ရှိလာမည်စိုးသဖြင့် မကွေးမြို့နယ်၏ အကာအကွယ်စခန်းကြီးတစ်ခုဖြစ်သည့် နတ်ရေကန်ဗျူဟာစခန်း မကျစေရေးအတွက် စစ်ကောင်စီဘက်က ရှိသမျှ စစ်အင်အား၊ လက်နက်အင်အားများကို ထုတ်သုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု စစ်ရေးလေ့လာသူများက ပြောသည်။

နိရဉ္စရာ ပေးပို့သည်။