ငသိုင်းချောင်းမြို့နှင့် လေးမျက်နှာမြို့ ရိုးမအစပ်နေရာများကို စစ်ကောင်စီဗုံးကြဲ

By MPM 23 မတ်, 2025 👁 6

ဧရာ၀တီတိုင်း၊ ငသိုင်းချောင်းမြို့နှင့် လေးမျက်နှာမြို့နယ်အစပ် ကျေးရွာနှစ်ရွာအနီးဝန်းကျင်ကို စစ်ကောင်စီလေတပ်က မတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီခန့်က ဗုံး ၃ လုံး လာကြဲချသွားခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဗုံးချတာက မှန်တန်းရွာနဲ့ ဝက်ကုန်းရွာနေရာ အနီးဝန်းကျင်ကို ဗုံး ၃ လုံး လာချသွားတယ်။ မနေ့က ညနေ ၆ နာရီလောက်မှာပါ။ ဒီငသိုင်းချောင်းနဲ့ လေးမျက်နှာမြို့နယ် အစပ်နေရာတွေက စစ်ရေးတင်းမာနေတဲ့နေရာတွေပါ။ အထိအခိုက် ရှိမရှိတော့ သတင်းမရရှိသေးပါ” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

လေးမျက်နှာမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) ဦးဆောင်သည့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း ငသိုင်းချောင်းမြို့အနီးရှိ ရိုးမအစပ်နေရာတွင်များတွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု သိရသည်။

သတင်းရင်းမြစ်တစ်ဦးက “ငသိုင်းချောင်းမြို့ရဲ့  ရိုးအစပ်နေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ မနေ့ညနေကဆိုရင်လည်း သဲဖြူ၊ သစ်ကယ်ကျင်း၊ ကင်းပွန်းချဉ်နဲ့ ကျားကိုက် ဘက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ စစ်ကောင်စီတပ်ကလည်း အမြောက်တွေထုတယ်။ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ ရှိနေတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာများသည် ငသိုင်းချောင်းမြို့ အမှတ် (၃၄၄) အမြောက်တပ်ရင်းနှင့် အနီးဝန်းကျင်တွင်ဖြစ်ပြီး အဆိုပါနေရာများတွင် မတ်လ ၁၂ ရက်နေ့ကစ၍ တိုက်ပွဲများ ပြန်ဖြစ်နေပြီး ပြင်းထန်နေသည်ဟု သိရသည်။

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့မှ ၂၅ မိုင်ခန့်အကွာ သာပေါင်းလေး၊ ကင်းပွန်းချဉ်နှင့် ကျားခေါင်းတို့တွင် အာရက္ခတပ်တော် (AA) ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား မတ်လ ၁၂ ရက်နေ့ ညနေကစပြီး တိုက်ပွဲဖြစ်ပွားလာခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲသည် ပိုမိုကျယ်ပြန့်လာနေပြီး မတ်လ ၁၃ ရက်နေ့လယ်ပိုင်းတွင် သာပေါင်းလေး၊ ကျားကိုက်နှင့် သဲဖြူဘက်တွင် ဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ သတင်းရင်းမြစ်က “အခုတိုက်ပွဲဖြစ်တဲ့နေရာတွေက ဘောမိနဲ့ သာပေါင်းမြို့အကြားနေရာတွေမှာ ဖြစ်နေကြတာ။ သာပေါင်းကဆိုရင် ၂၅ မိုင်လောက် ဝေးတဲ့သာပေါင်းလေး၊ ကင်းပွန်းချဉ်နဲ့ ကျားခေါင်းတို့မှာ ဖြစ်နေကြတာ။ ဒီလ ၁၂ ရက် ညနေ ၃ နာရီကနေ စဖြစ်နေတာ။ ၁၃ ရက်နေ့လယ်မှာတော့ ကျားကိုက်၊ သဲဖြူ ဘက်ထိ ကျယ်ပြန့်လာတယ်” ဟု ပြောသည်။

ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဗုံးကြဲလေယာဉ်များ၊ ရဟတ်ယာဉ်များကို အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့က ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။