ထိုင်း – မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့တွင် ထိုင်းနိုင်ငံဘက်ကနေ လျှပ်စစ်မီးနှင့် အင်တာနက် တစ်လကျော်ကြာသည်အထိ ဖြတ်တောက်ခံထားရပြီးနောက်ပိုင်း လက်ရှိ၌လည်း ဖုန်းလိုင်းနှင့် အင်တာနက်ရရှိမှု ပိုမိုဆိုးရွားလာနေကြောင်း ဒေသခံတို့က ပြောသည်။
ဘုရားသုံးဆူမြို့တွင် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများ နှိမ်နင်းနိုင်ရေးအတွက် ထိုင်းအာဏာပိုင်တို့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က လျှပ်စစ်မီးနှင့် လောင်စာဆီ စတင်ဖြတ်တောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ထိုင်းဆင်းကတ်များကိုပါ ဖုန်းလိုင်းဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
ဖုန်းလိုင်း စတင်ဖြတ်တောက်ခံရချိန်က ဒေသခံတို့သည် မြန်မာဆင်းကတ် ATOM ကို ပြောင်းလဲအသုံးပြုနိုင်ခဲ့ပြီး မတ်လ ၂၀ ရက်နေ့နောက်ပိုင်းမှစကာ ဘုရားသုံးဆူဒေသတွင် ဖုန်းလိုင်းလုံးဝ ပြတ်တောက်လာသည့် အခြေအနေကို ရင်ဆိုင်လာရသည်။
လက်ရှိ၌လည်း တနေရာနှင့်တနေရာ ဆက်သွယ်ရန် မလွယ်ကူတော့သည့်အပြင် အရေးပေါ် တစုံတရာ ဖြစ်ပွားလာပါက ဒေသခံပြည်သူတို့အကြား ဆက်သွယ်မှု အခက်အခဲရှိလာသည်ဟု သိရသည်။
ဘုရားသုံးဆူမြို့ခံတစ်ဦးက “အခုက သုံးဆူမြို့ပေါ်မှာ Telenor ဖုန်းလိုင်းလည်း မရတော့ဘူး။ ဖြတ်လိုက်ပြီ။ ဖုန်းလိုင်းရဖို့ဆို ထိုင်းဘက်ခြမ်းသွားရတယ်။ တချို့ကလည်း ဘုရားကုန်းဘက် သွားကြတယ်။ အဆက်အသွယ်ယူဖို့လည်း မလွယ်တော့ဘူး။ ခုတောင် ထိုင်းဘက်ခြမ်းမှာရှိနေတာ။ ဒီကနေပြန်ရင်လည်း ဘာလိုင်းမှ မရတော့ဘူး” ဟု ပြောသည်။
ထိုသို့ဆက်သွယ်ရေး အခက်အခဲကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ကတ်ရှိသည့် ဘုရားသုံးဆူဒေသခံတို့သည် ထိုင်းနိုင်ငံ၊ စံခလပူရီခရိုင်ဘက်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြကြောင်း ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။
မြို့ခံအမျိုးသားတစ်ဦးက “တစ်လကျော်နေပြီး အလုပ်အများစုက လျှပ်စစ်မီးနဲ့ အင်တာနက်ပဲ သုံးနေရတယ်လေ။ အထူးသဖြင့် ပန်းရံအလုပ်တွေလည်း နားထားရတယ်ပေါ့။ မီးစက်လဲမရှိ၊ ဆိုလာလဲ မရှိတော့ အင်တာနက်နဲ့ သက်ဆိုင်တဲ့ အလုပ်တွေ မလည်ပတ်နိုင်လို့ သိန်းရာချီနဲ့ရှုံးနေတဲ့သူတွေလဲ ရှိနေတယ်” ဟု ပြောသည်။
လုပ်ငန်းလည်ပတ်ရန် ခက်ခဲခြင်းနှင့်အတူ ရပ်နားထားရသည့် လုပ်ငန်းများကြောင့် အခြေခံလူတန်းစားမိသားစု ဝင်ငွေနှင့် အလုပ်အကိုင်လျှော့နည်းလာပြီး ကုန်ဈေးနှုန်းလည်း ယခင်ကထက် မြင့်တက်လာသဖြင့် ပြည်သူတို့၏ စားဝတ်နေရေး အခက်အခဲ ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။
လက်ရှိ၌ ဘုရားသုံးဆူတွင် သောက်ရေသန့်တစ်ဘူး ၁၀ ဘတ်မှ ၂၀ ဘတ် အထိရှိပြီး သုံးစွဲရေ ရေတစ်ယူနစ် ၁၅ ဘတ်မှ ၂၂ ဘတ်အထိ ဈေးမြင့်တက်လျှက်ရှိသည်။
ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို ချေမှုန်းသည့်အနေဖြင့် ထိုင်းအစိုးရက ဘုရားသုံးဆူမြို့အပါအဝင် နယ်စပ်တလျှောက်ရှိ မြို့နေရာ ၅ နေရာကို ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်တို့ကို ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
IMNA ပေးပို့သည်။