သျှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ မန်ဖွယ်ကျေးရွာတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကနေ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကို စစ်ရေးအရ ဖိအားပေးမောင်းထုတ်မှုကြောင့် နှစ်ဘက်တပ်ကြား စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မတ်လ ၂၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်နှင့် ည ၇ နာရီကျော်တွင် မိုးမိတ်မြို့နယ်၊ မန်ဖွယ်ကျေးရွာရှိ SSPP/ SSA တပ်စခန်းကို TNLA က စစ်ရေးအရ ဖိအားပေးမောင်းထုတ်မှု ပြုလုပ်ရာကနေ နှစ်ဘက်ကြား စစ်ရေးတင်းမာနေသည်ဟု စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဟုတ်တယ်၊ စစ်ရေးတင်းမှာမှု တကယ်ဖြစ်ခဲ့တာအမှန်ပါ။ PDF နဲ့ကိစ္စ ငြိပြီးတော့ ကျနော်တို့ ဒီလယ်ကြီးရွာကအဖွဲ့ကို ဖယ်ဖို့လာပြောတယ်။ ကျနော်တို့ဘက်က သတိပေးမှုတွေတော့ရှိတယ်” ဟု ပြောသည်။
အလားတူ မတ်လ ၂၃ ရက်နေ့ တရက်ထဲမှာပင် TNLA က လယ်ကြီးကျေးရွာရှိ SSPP တပ်စခန်းကိုလည်း ဆုတ်ခွာရန် နှစ်ကြိမ်တိုင် ထပ်မံလာရောက်ပြောဆိုတာကြောင့် နှစ်ဘက် စစ်ရေးတင်းမာနေသည်ဟု ဆိုသည်။
“သူတို့ဖယ်ပေးခိုင်းတဲ့နေရာကတော့ ကျနော်တို့နေတဲ့ လယ်ကြီးရွာ (ဝၢၼ်ႈလွၵ်းလူင်) နဲ့ မန်ဖွယ်ရွာ (ဝၢၼ်ႈၽၢႆၵဝ်ႇ) ကို ဖယ်ပေးခိုင်းတာပါ။ ကျနော်တို့ကတော့ အခုချိန်ထိ ဖယ်ပေးတာမျိုး မရှိပါဘူး” ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး TNLA ပြန်ကြားရေးတာဝန်ရှိသူ လွေးယေဦးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်လို့ မရရှိခဲ့ပါ။
သျှမ်းပြည်မြောက်ပိုင်းတွင် TNLA နှင့် SSPP တို့ကြား နယ်မြေအငြင်းပွားမှု မကြာခဏ ဖြစ်ပွားခဲ့ပြီး၊ ပြီးခဲ့သည် ၂၀၂၄ ခုနစ် ဇူလိုင် ၁၃ ရက်နေ့တွင် SSPP နှင့် TNLA တို့ကြား ဖြစ်ပွားခဲ့သည့်အငြင်းပွားမှုကြောင့် ‘ဝ’ တပ်ဖွဲ့ (UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ (FPNCC) က ညှိနှိုင်းပေးမှုဖြင့် ပြေလည်မှုရရှိခဲ့သည်။
FPNCC အဖွဲ့များတွင် UWSA၊ SSPP/SSA၊ TNLA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မိုင်းလားတပ်မတော် (NDAA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင်တပ်တော် (AA) တို့ ပါဝင်သည်။
မိုးမိတ်မြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အများအပြား အခြေစိုက်လှုပ်ရှားပြီး မန္တလေးတိုင်း သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်ပြီး စစ်ရေးအရလည်း အရေးပါသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။