26 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူးမွန်ပြည်နယ်နေ့အပေါ် မွန်ပြည်သူလူထုတချို့၏ သဘောထားမှတ်ချက်ပြုစကားသံစုစည်းမှု။

မွန်ပြည်နယ်နေ့အပေါ် မွန်ပြည်သူလူထုတချို့၏ သဘောထားမှတ်ချက်ပြုစကားသံစုစည်းမှု။

မွန်ပြည်နယ်အတွင်း စစ်ကောင်စီကဝါဒဖြန့်နိုင်ရန်အတွက် ငြိမ်းချမ်းစည်ကားနေဖွယ်ရှိသည့် အထိမ်းအမှတ် အခမ်းအနားတို့ကို မွန်ပြည်နယ်ရှိ မြို့ပေါ်များနှင့် တော်လှန်ရေးအဖွဲ့တို့ လှုပ်ရှားမှုနည်းသည့် နေရာများတွင် မကြာခဏ ကျင်းပပြုလုပ်လျှက်ရှိသည်။

အလားတူ “၅၁” နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကိုလည်း စစ်ကောင်စီအဖွဲ့၏ စီစဉ်ပြုလုပ်မှုဖြင့် ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်ရှိ သမိန်ဗရမ်း ဘက်စုံသုံးကွင်း၌ ကျင်းပခဲ့သေးသည်။

အဆိုပါအခမ်းအနားတွင် စစ်ကောင်စီနှင့် နီးစပ်သူများ၊ ဖိတ်ကြားခံ မွန်အရာရှိများ၊ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်ကောင်စီနှင့်နီးစပ်သူ ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်တို့သာ အဓိကပါဝင်ခဲ့ကြပြီး မွန်ပြည်သူအနည်းငယ်စုသာ ပါဝင်ခဲ့သည်ကို သိရသည်။

စစ်ကောင်စီက သတ်မှတ်ပြုလုပ်ပေးထားသည့် မွန်ပြည်နယ်နေ့ကို မွန်ပြည်သူလူထုအများစုက အသိမှတ်ပြုခြင်းမရှိသည့်အပြင် စစ်အာဏာသိမ်းနောက်ဆက်တွဲအနေဖြင့် ရင်ဆိုင်နေသည့် လက်နက်ကိုင်တိုက်ပွဲများနှင့် စားဝတ်နေရေး အကျပ်အတည်းကြောင့် စိတ်ပါဝင်စားမှုမရှိကြောင်း မွန်ပြည်သူထုအများစု ဝေဖန်ပြောဆိုလျက်ရှိသည်။

ထိုအခြေအနေအပေါ် မွန်ပြည်နယ်နေ့နှင့် ပတ်သက်ပြီး မွန်ပြည်သူလူထုတချို့၏ စကားသံတို့ကို စုစည်းဖော်ပြလိုက်ပါသည်။

ပုံစာ – မွန်ပြည်နယ်နေ့အခမ်းအနားမြင်ကွင်းတခု။ (Photo – Social Media)

မွန်တော်လှန်ရေးအဖွဲ့ဝင်တစ်ဦး

မွန်ပြည်နယ်နေ့က လွန်ခဲ့တဲ့ ၁၉၇၄ ခုနှစ် စစ်ကောင်စီက မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို အတည်ပြုပြီးနောက်မှာ မွန်ပြည်နယ်နေ့ကို သတ်မှတ်ခဲ့တယ်။ မွန်ပြည်နယ်နေ့နဲ့ပတ်သတ်ပြီး မွန်ပြည်သူတွေရဲ့ အမြင်ကို တချိန်တုန်းက ကျွန်တော်တို့ပါလိတဆရာတော်ကလဲ ရေးဖူးတယ်၊ မွန်ပြည်နယ်က မွန်ပြည်သူတွေ ဘာအုပ်ချုပ်ခွင့်မှ မရထားဘူး၊ နာမည်ခံအနေနဲ့ပဲ ရှိတယ်။ တကယ်တော့ မွန်ပြည်နယ်က ဖက်ဒရယ်စနစ်ကို အခြေခံပြီ holding together ပုံစံ၊ coming together Federalism ပုံစံနဲ့ ပေးလာတာမှ မဟုတ်တာ။ ဒါကြောင့် ကျွန်တော်တို့မွန်ပြည်သူတွေမှာ သိပ်အသိအမှတ်ပြုတာမရှိဘူးပေါ့နော်။ ပြီးရင် ဒီမွန်ပြည်နေ့ကို မွန်ပြည်သူတွေရဲ့ အခွင့်အရေးတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ မဖန်တီးပေးနိုင်ဘူးလေ။ မွန်ပြည်နေ့ကို ကျင်းပပြုလုပ်နေတာက မွန်စာပေ၊ ယဉ်ကျေးမှုတွေ မွန်လူမျိုးတွေ ဂုဏ်သရေတိုးပွားအောင် လုပ်နေတာလဲမဟုတ်ဘူး။ မွန်ပြည်နယ်က အေးချမ်းသာယာကြောင်း ဝါဒဖြန့်ချင်ယုံသာရည်ရွည်ပြီး ပြုလုပ်နေတယ်လို့ ကျွန်တော်မြင်တယ်။

မွန်လူငယ်အမျိုးသားတစ်ဦး

ဒီမွန်ပြည်နယ်နေ့ကို မွန်ပြည်သူတွေ၊ တချို့နိုင်ငံရေးသမားတွေ၊ သံဃာတော်တွေ၊ CSO အဖွဲ့အစည်းတွေ ထောက်ခံမှု နည်းတယ်။ စိတ်ဝင်စားမှု နည်းကြတယ်။ အချို့မွန်ခေါင်းဆောင်ပိုင်းတွေက ဖိတ်ကြားခံရလို့သာ အခမ်းအနားကို တက်ရောက်ကြတာ။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကလည်း မွန်ပြည်နယ်က အေးချမ်းတယ်၊ ပျော်ရွင်ချမ်းမြေ့တယ်၊ စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ နိုင်ငံရေးကောင်းတယ်ဆိုပြီ ပြချင်နေလို့ ဖြစ်မယ်။ တကယ်တော့ ဒီမွန်ပြည်နယ်နေ့က မွန်ပြည်သူတွေသဘောတူပြီး ဒီရက်ကိုသတ်မှတ်ခဲ့ကြတာမှ မဟုတ်တာ၊ စစ်ကောင်စီလက်အောက်ကသူတွေကပဲ သတ်မှတ်ခဲ့ကြတာလေ။

မွန်အမျိုးသမီးတစ်ဦး

ပြတိုက်တွေမှာ အခမ်းအနားတွေမှာ လူသွားလာမှုနည်းတယ်။ ပြီးရင် အဲဒီမှာ စစ်သားတွေ ဆယ်ချီမက ရာချီ နေရာယူပြီး လုံခြုံရေးယူထားကြတယ်။ ကွင်းထဲကိုရောက်တော့ လူတွေသိပ်မများဘူး။ စစ်ကောင်စီက ဦးဆောင်ပြီး ဒီမွန်ပြည်နယ်နေ့ကို အသိအမှတ်ပြုကျင်းပတယ်ဆိုတော့ အခမ်းအနားထဲမှာ မြင်တွေ့နေရ တာကတော့ စစ်ကောင်စီဘက်ကအရာရှိတွေ သူတို့လူတွေ သူတို့ဝန်ထမ်းတွေ မွန်မှာဆို သူတို့ဖိတ်တဲ့ မွန်ခေါင်းဆောင်တွေ မွန်အရာရှိတွေ အနည်းငယ်ပဲတက်ရောက်တယ်။ ရပ်ကွက်ထဲက သာမန်မွန်လူငယ်တွေ မွန်ပြည်သူတွေ မရှိသလောက်ပါပဲ။ ကျွန်မအမြင်နဲ့ဆို သူတို့ကကြီးကြီးကျယ်ကျယ်ကျင်းပခဲ့ပေမဲ့ မွန်ပြည်သူ တွေရဲ့ စိတ်ဝင်စားမှုတွေ မတွေ့ရဘူး။

ပြည်တွင်းအခြေစိုက် မွန်အရပ်ဘက်အဖွဲ့ဝင်အမျိုးသမီးတစ်ဦး

မွန်ပြည်နယ်နေ့ ရှိတယ်၊ ဘယ်မှာကျင်းပလဲဆိုတာကို သတိမထားလိုက်မိဘူး။ သမိန်ဗရမ်းဘက်စုံသုံးကွင်းမှာ ပွဲတော်တွေ ကုန်စည်ပြပွဲတွေ ကျင်းပနေတယ် လူတွေပြောမှသိရတယ်။ မေးလိုက်မှ ၅၁ ကြိမ်မြောက် မွန်ပြည်နယ်နေ့ ဆိုပြီးသိလိုက်ရတယ်။ ဒီထဲမှာ အများစုက ပွဲတော်ရှိလို့သာသိကြတာ မဟုတ်ရင် မွန်ပြည်နယ် နေ့ကို သိတောင်သိလိုက်မှာ မဟုတ်ဘူး။ ယဉ်ကျေးမှု ပြပွဲတွေ၊ ပွဲတော်တွေ၊ ကုန်စည်ပြပွဲတွေ လုပ်တယ်။ ဒါတော့ ကောင်းပါတယ်။ ပွဲတော်တွေလဲ ကျင်းပတယ်။ ဒါပေမဲ့ ပြည်သူတွေ သိပ်အာရုံမရဘူးလို့မြင်တယ်။ ခုချိန်မှာ နိုင်ငံရေးကလဲ မကောင်း ဝမ်းစာရှာတာကလဲ ခက်ခဲနေကြတော့ ဒီလိုနေ့ကို မွန်ပြည်သူတွေ သိပ်အာရုံမစိုက် နေဘူး။ ဒါပေမဲ့ ကျွန်မရဲ့တစ်ဦးတစ်ယောက်တည်းအမြင်နဲ့ဆို ဒီလိုလုပ်သာလုပ်နေတာ မွန်တိုင်းရင်းသား အခွင့်အရေးတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ မွန်ပညာရေးစနစ်တွေ အသိမှတ်မပြုနိုင်ဆိုရင် မွန်ပြည်နယ်နေ့က မွန်လူမျိုးအားလုံး အသိမှတ်ပြုတဲ့နေ့လို့ ဘယ်တော့မှမဖြစ်ဘူးလို့ မြင်တယ်။

IMNA ပေးပို့သည်။