စစ်ကောင်စီ၏ ငြိမ်းချမ်းရေးစကားဝိုင်းသို့ NCA အပစ်ရပ်အဖွဲ့များ တက်ရောက်ရန် ဖိတ်ကြားထား

By MPM 22 မတ်, 2025 👁 4

လာမည့်မတ်လ ၂၄ ရက်ကနေ ၂၆ ရက်နေ့အထိ နေပြည်တော်တွင်ပြုလုပ်မည့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး စကားဝိုင်း – ၂၀၂၅ ၌ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် – NCA ချုပ်ဆိုထားသည့် အပစ်ရပ်အဖွဲ့များ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း အပစ်ရပ်အဖွဲ့တို့ထံက သိရသည်။

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ – NSPNC က ဦးဆောင်ပြီး နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍ၊ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှစ်ခုဖြင့် ပြုလုပ်မည့် ငြိမ်းချမ်းရေးစကားဝိုင်း – ၂၀၂၅ တွင် ကရင်ငြိမ်းချမ်းရေးကောင်စီ – KNU/KNLA-PC အပါအဝင် အပစ်ရပ် ၇ ဖွဲ့တို့ကို ဖိတ်ကြားထားသည်ဟု ယင်းအဖွဲ့များက ပြောဆိုသည်။

KNU/KNLA – PC ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွှန့်က “ကျနော်တို့နိုင်ငံမှာ ၄ နှစ်ကျော်ကြာကာလတလျှောက် စစ်ရေးဘောင်ကပဲ ကျယ်ပြန့်နေတာ၊ ငြိမ်းချမ်းရေးစကားဝိုင်း ကွယ်ပျောက်နေတာကြာပြီ။ အခုလို ပြန်ပေါ်လာ တာက အဆိုးထဲကအကောင်းဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာကြောင့်ဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့အဖြေရှာခြင်းက ထိခိုက်မှုအနည်းဆုံးဖြစ်ပါတယ်” ဟု ပြောသည်။

NCA အပစ်ရပ်အဖွဲ့များအပြင် စစ်ကောင်စီဘက်မှအရာရှိကြီးများ၊ ငြိမ်းချမ်းရေးဖြစ်စဥ်၌ အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များ တက်ရောက်ကြမည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခလျှော့ချနိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်သောကြောင့် မြန်မာ့ငြိမ်းချမ်းရေး ရှေ့ရောက်နိုင်သည့် အလားလာရှိကြောင်း စစ်ကောင်စီ လက်အောက်ခံပါတီများ၏ ပြောကြားချက်တို့ကို စစ်ကောင်စီထိန်းချုပ်သည့်မီဒီယာများက ဖော်ပြသည်။

၂၀၂၅ – ၂၀၂၆ ခုနှစ်အတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီက ပဋိပက္ခတွင် အဓိကပါဝင်နေသည့် KNU -ကရင်အမျိုးသားအစည်းအရုံးနှင့်တကွ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများအား စေ့စပ်ညှိနှိုင်းကြိုးပမ်းရန် ဆော်ဩနေသော်လည်း စစ်ကောင်စီကိုယ်တိုင် အပစ်ရပ်ခြင်း အလျှင်းမရှိဘဲ လေကြောင်း၊လက်နက်ကြီးတို့နှင့် တိုက်ခိုက်မှုများကို ယနေ့ထိတိုင်လုပ်ဆောင်နေဆဲဖြစ်သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ မောင်ကျော်စွာက “ငြိမ်းချမ်းရေးလိုလားတယ်ဆိုရင် ငြိမ်းချမ်းရေး အထောက်ကူပြုမယ့် အချက်လိုတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံအဝှမ်းဗုံးကြဲတိုက်ခိုက်တာတွေ၊ ထိုးစစ်တွေကို ပထမဆုံး ရပ်ပစ်ရမယ်။ နောက်ပြီး နိုင်ငံရေးခေါင်းဆောင်တွေကို လွှတ်ပေးဖို့လိုတယ်။ ဒါတွေမရှိဘဲ အခုလိုလုပ်တာက ပြည်တွင်း/ပြည်ပကို လှည့်စားဖို့သပ်သပ် ဟန်ပြလုပ်ပွဲတစ်ခုပဲ” ဟု သုံးသပ်ပြောသည်။

ဖိတ်ကြားခံထားရသည့် အပစ်ရပ်အဖွဲ့များအနေဖြင့် NCA-EAOs အဖြစ်ဖွဲ့ထားသည့်ကာလက စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများ မကြာခဏပြုလုပ်လေ့ရှိသော်လည်း ၂၀၂၄ ခုနှစ် မတ်လက 7 EAOs Alliance အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက်ပိုင်း ယခုလိုဆွေးနွေးပွဲတွင်ပါဝင်ခြင်းက ပထမဆုံးအကြိမ် ဖြစ်သည်။

7 EAOs Alliance ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန်နှင့် သက်ဆိုင်သူများပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် ရည်ရွယ်၍ဖွဲ့စည်းခဲ့ပြီး၊ အဖွဲ့တွင် KNU/KNLA-PC နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးပါတီ (RCSS), မွန်ပြည်သစ်ပါတီ (NMSP), ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP), ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO), လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU), ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တို့ ပါဝင်သည်။

KIC ပေးပို့သည်။