သီပေါ၊ နမ္မ ကျောက်မီးသွေးတွင်းအထိ တရုတ်နံပတ်ပြားတပ် ကားကြီးများဖြင့် ကျောက်မီးသွေး သယ်ယူရောင်းချနေ

By MPM 21 မတ်, 2025 👁 5

သျှမ်းပြည်၊ သီပေါမြို့နယ်၊ နမ္မ ကျောက်မီးသွေးတွင်းအထိ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများဖြင့် ကျောက်မီးသွေးများ လာရောက်သယ်ဆောင်ပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရှိရသည်။

လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နိုင်ပြီးနောက် ယမန်နှစ် စက်တင်ဘာလမှစတင်ပြီး သီပေါမြို့နယ်ရှိ ငွေရည်ပုလဲကုမ္ပဏီတူးဖော်နေသည့် နမ္မကျောက်မီးသွေးတွင်းသို့ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ ရောက်လာကာ ကျောက်မီးသွေးများတင်ဆောင်ပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေသည်ဟု ဒေသခံများက ပြောသည်။

“သဲတိုက်တဲ့ ကားလိုမျိုးပဲ၊ နမ္မဘက်ကနေ ကျောက်မီးသွေးတင်လာပြီး နမ့်ပေါင်ဘက်ကထွက်တယ်။ ပြီးတော့ လားရှိုးဘက်ကို တက်သွားတာ။ ကျောက်မီးသွေးကတော့ ကားပေါ်အပြည့်ပဲ။ ကားမောင်းတာလည်း တအားမြန်တော့ အန္တရာယ်များတယ်။ နာရီဝက်အတွင်း ကျနော့်ရှေ့တင် ကျောက်မီးသွေးကား အစီး ၂၀ လောက် ဖြတ်သွားတာ” ဟု လားရှိုး-တောင်ကြီးခရီးစဉ် ပြေးဆွဲနေသည့်ယာဉ်မောင်းကားသမားတစ်ဦးက ပြောသည်။

သီပေါမြို့နယ်ရှိ နမ္မ ကျောက်မီးသွေးတွင်း၌ အဓိကသတ္တုတူးဖော်နေသည့် ကုမ္ပဏီမှာ ငွေရည်ပုလဲကုမ္ပဏီဖြစ်ပြီး ၂၀၀၄ ခုနှစ်ကတည်းက စတင်တူးဖော် လုပ်ကိုင်လျက်ရှိပြီး ဟေဟိန်း ကုမ္ပဏီ၊ စစ်ကောင်စီ၏ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC လက်အောက်ခံ မင်းရွှေလွှာကုမ္ပဏီတို့လည်း တူးဖော်ခဲ့ကြသည်။

နမ္မကျောက်မီးသွေးတွင်းသို့ လာရောက်သယ်ဆောင်သည့် ကားကြီးများသည် လားရှိုးမြို့မှ သိန္နီမြို့သို့ ဆက်လက်မောင်းနှင်ကာ သိန္နီ – ကွမ်းလုံ – ချင်းရွှေဟော် လမ်းမကြီးအတိုင်း ဖြတ်သန်းသွားပြီး MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံဘက်သို့ ရောင်းချနေကြောင်း သိရသည်။

ယင်းလမ်းကြောင်းတလျှောက်တွင် ကျောက်မီးသွေးတင်ဆောင်ထားသည့် ကားကြီးများ နေ့တိုင်းနီးပါး ဖြတ်သန်းသွားလာနေပြီး ကိုးကန့်တပ်၏ စစ်ဆေးရေးဂိတ်များတွင် အခြားသော ခရီးသည်တင်ကားများကဲ့သို့ ရပ်တန့်၍ သတင်းပို့ရန်မလိုဘဲ အလွယ်တကူ ဂိတ်ဖြတ်သန်းနိုင်ကြောင်း သိန္နီမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ကိုးကန့်သိမ်းပြီးတဲ့နောက်ပိုင်း ကျောက်မီးသွေးတင်တဲ့ကားတွေ တနေကုန်သွားနေတာ။ ဂိတ်တွေမှာလည်း ပြည်သူတွေလို ရပ်ပြီး သတင်းပေးစရာမလိုဘူး။ ကားနံပါတ်ပြားက တရုတ်နံပါတ်နဲ့လာတာ။ တထိုင်တည်း စောင့်ကြည့်တာဆိုရင် ခဏလေး ကား ၁၀ စီးလောက် ဖြတ်သွားတယ်” ဟု အဆိုပါသိန္နီဒေသခံအမျိုးသမီးက ပြောသည်။

ယမန်နှစ် ၂၀၂၄ နိုဝင်ဘာလမှ စတင်ပြီး MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော် နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်ကနေ ပြန်ဖွင့်ပေးခဲ့ရာ စက်မှုကုန်ကြမ်းဖြစ်သည့် ကြံနှင့်ပြောင်းအပြင် ကျောက်မီးသွေးများ တင်ပို့ခွင့်ရသော်လည်း စားသောက်ကုန်များကို တပိုင်တနိုင်သာ ခွင့်ပြုထားကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

“တရုတ်က အဝင်ပဲလက်ခံတယ်၊ အထွက်လုံးဝ မပေးသေးဘူး။ ကြံနဲ့ ပြောင်းပေါ့၊ ကျောက်မီးသွေးတော့ ဘယ်ပို့လဲ မသိဘူး၊ တရုတ်ပြည်လား ‘ဝ’ ပြည်လား မပြောတတ်ဘူး။ သတ်မှတ်တန်ချိန်က ယာဉ်တစ်စီးကို ၃၅ တန်။ တရုတ်ပြည်က ကားဆိုရင် တခါတည်း ဂိတ်ဖြတ်လို့ ရတယ်၊ မြန်မာဘက်က ကားဆိုရင်တော့ ချင်းရွှေဟော်မှာ ကားချိန်းရတယ်” ဟု ချင်းရွှေဟော်မှ ကုန်သည်အမျိုးသားတစ်ဦးက ပြောဆိုသည်။

အလားတူ တန့်ယန်းမြို့နယ် ဝမ်ပန်ကျေးရွာအုပ်စုနှင့် နားဟုတ်ကျေးရွာအုပ်စုများတွင်လည်း ငွေရည်ပုလဲကုမ္ပဏီက တူးဖော်နေသည့် ကျောက်မီးသွေးများကို UWSA ထိန်းချုပ် နယ်စပ်ဂိတ်များမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း ဒေသခံများက ပြောသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။