အမ်းတွင် ဒေသခံများ နေရပ်ပြန်ဝင်နိုင်ရေး ထောင်ချီရှိသည့် မိုင်းများကို AA ရှင်းလင်း

By MPM 18 မတ်, 2025 👁 4

ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် ဒေသခံများ နေရပ်ပြန်ဝင်နေထိုင်နိုင်ရေးအတွက် ထောင်နှင့်ချီရှိသည့် မိုင်းများကို အာရက္ခတပ်တော် (AA) က အင်တိုက်အားတိုက် ရှင်းလင်းပေးနေကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။



အမ်းမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲခဲ့သည့် နေရာများ၊ တောင်တန်းများ၊ ဥယျာဉ် ခြံမြေများ၊ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၊ လေယာဉ်ကွင်း၊ စစ်ကောင်စီတပ်ရင်းများ၊ လယ်ယာစိုက်ခင်းများစသည့် နေရာအနှံ့အပြားတွင် AA က မိုင်းရှင်းလင်းနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အမ်းဒေသခံအမျိုးသားတစ်ဦးက “တပ်တော်ဘက်က မိုင်းတွေရှင်းလင်းနေတယ်။ အသက်နဲ့ရင်းပြီး ရှင်းလင်း ပေးနေတယ်။ စစ်ကောင်စီဘက်က ထောင်ထားတဲ့မိုင်းတွေ နည်းတာမဟုတ်ဘူး။ လက်ရှိအချိန်ထိ မိုင်းတွေ ထောင်နဲ့ချီ ဖော်ထားပြီလို့ သိရတယ်။ အိမ်ခြေရင်းတွေကအစ မိုင်းတွေရတယ်တဲ့” ဟု ပြောသည်။

အမ်းမြို့နယ်တစ်ခုလုံးကို AA က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင် ခဲ့ခြင်းဖြစ်သည်။

AA က ထိုသို့သိမ်းပိုက်နိုင်ခဲ့ချိန်မှစ၍ ယခု မတ်လအထိ အမ်းမြို့ပေါ်ရှိ ရပ်ကွက်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာတဝိုက်တို့တွင် AA က မိုင်းများကို ရှင်းလင်းပေးနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အမ်းမြို့ပေါ်နှင့် မြို့နယ်တွင်းမှ စစ်ရှောင်ဒေသခံများသည် စားဝတ်နေရေးကျပ်တည်းမှုကြောင့် မိမိနေရပ်သို့ ပြန်ချင်သော်လည်း မိုင်းရှင်းလင်းမှု မပြီးစီးသေးသည့်အတွက် AA က ဝင်ခွင့်မပြုသေးဟု အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်မှ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါသည်။

“စစ်ရှောင်နေရတာ အခက်ခဲရှိပေမယ့် မြို့ကို ဝင်ခွင့်မပေးသေးလို့ မဝင်ရသေးပါဘူး။ ကိုယ့်အိမ်ကိုယ်တော့ ပြန်ချင်တာပေါ့။ ဒါပေမဲ့ မိုင်းတွေရှင်းလင်းလို့ မပြီးသေးဘူးလို့ တပ်တော်က တာဝန်ရှိသူတွေက ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အမ်းမြို့နယ်၊ တပ်တောင်မြို့မှ လူငယ်နှစ်ဦးသည် မြို့အနီးရှိ Telenor တာဝါတိုင်ရှိသည့်တောင်သို့ ပိန္နဲသီးခူးရန် သွားရောက်စဉ် စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းတစ်လုံးကို နင်းမိ၍ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားခဲ့သည်။

အလားတူ အမ်းတွင် စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းများကို နင်းမိ၍ ကျွဲ၊ နွား၊ တိရစ္ဆာန်များလည်း သေကြေမှုရှိနေကြောင်း ဒေသခံများက ပြောသည်။

နိရဉ္စရာ ပေးပို့သည်။