ဖယ်ခုံတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ

By MPM 18 မတ်, 2025 👁 5

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးနှင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာများရရှိထားသည်ဟု ဒေသတွင်းကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ ၄၂၂) ကမေ မတ်လ ၁၄ ရက်နေ့၊ ည ၈ နာရီခွဲဝန်းကျင်တွင် စစ်ဘေးရှောင်များနေထိုင်ရာ ဝါရီကောခူကျေးရွာသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဒေသခံအမျိုးသမီးတစ်ဦးက “နံရိုးထိတဲ့ တစ်ယောက်က တော်တော်ဆိုးတယ်။ နည်းနည်းလေးသာ နောက်ကျ သွားရင် အသေပဲနော်။ နံရိုးထဲမှာကို အစက စိုက်ဝင်နေတာလို့ ပြောတယ်။ အခုထိလည်း စိုးရိမ်နေရပါတယ်” ဟု ပြောသည်။

လက်နက်ကြီးထိမှန်သူ ၂ ဦးသည် အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ခြေသလုံးကျိုး ဒဏ်ရာနှင့် ညာဘက်နံရိုးကျိုး ဒဏ်ရာများ အသီးသီးရရှိထားသည်ဟု ၎င်းက ဆိုသည်။

ထိမှန်ဒဏ်ရာရရှိထားသူ ၂ ဦးလုံးသည် စစ်ဘေးရှောင်များဖြစ်ကြပြီး ငွေကြေးမပြေလည်သဖြင့် ဆက်လက်ကုသခွင့်ရရန် အလှူရှင်များ လိုအပ်နေကြသည်ဟု ဒေသတွင်း လူမှုကူညီဆောင်ရွက်ပေးနေသူများက ပြောဆိုကြသည်။

မိုးဗြဲမြို့အနီးတဝိုက် စစ်ရေးလှုပ်ရှားနေသည့် ကရင်နီပူးပေါင်းတပ်တာဝန်ရှိသူတစ်ဦးက “အိမ်တွေထိတာတော့ ဒီတခါ မရှိဘူး။ ရွာထဲကျတာတော့ နည်းတယ်ဆိုပေမယ့် သတိထားနေရတာပေါ့။ ဒီနှစ်ထဲမှာက သူတို့ပစ်တာက ပိုများတယ်လေ။ ကာမီကာဇေဒရုန်းတွေ အားကိုးလာတာပေါ့။ အဲဒါတွေက အသေခံပစ်တော့ ပြည်သူတွေ ပိုပြီး သတိထားရမယ့် သဘောမှာရှိတယ်” ဟု ပြောသည်။

မတ်လအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှုများကြောင့် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ပေါ် ရပ်ကွက်များတွင် လူနေအိမ် ၁၅ လုံးခန့် မီးလောင်ပြာကျ ပျက်စီးခဲ့ရသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ကလည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးဗြဲမြို့တွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပြီး အရပ်သား ၄ ဦးမှာလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသည်။

NMG ပေးပို့သည်။