ပူလူတူစခန်းကျပြီးနောက် ထိုင်းဘက်တိမ်းရှောင်နေရသည့် စစ်ရှောင် ၄၀၀ ကျော် နေရပ်ပြန်လာ

By MPM 16 မတ်, 2025 👁 3

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၇)၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ၏ ပူလူတူစခန်းကျပြီးနောက် တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်သို့ ရှောင်တိမ်းနေထိုင်ကြသည့် စစ်ရှောင် ၄၃၇ ဦးကို ထိုင်းအာဏာပိုင်များ အကူအညီဖြင့် မတ်လ ၁၅ ရက်နေ့က နေရပ်ပြန်ကြကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။

ထိုင်း – မြန်မာ နှစ်နိုင်ငံနယ်စပ်အနီးရှိ ပူလူတူစခန်းကို မတ်လ ၁၄ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက KNLA တပ်မဟာ (၇) တပ်ရင်း (၂၂) နယ်မြေရှိ လူထုနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးနှင့် လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံများမှာ ဖေဖော်ဝါရီလကတည်းက သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံထဲ စစ်ဘေးတိမ်းရှောင်နေကြရသည်။

မတ်လ ၁၅ ရက်နေ့က စစ်ရှောင်များနေရပ်ပြန်နိုင်ရေး ထိုင်းအာဏာပိုင်များက တာ့ခ်ခရိုင်၊ တာ့ဆောင်ယန်ဘက်မှ တာဝန်ရှိသူများကနေ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး နယ်စပ်လုံခြုံရေးအတွက် ထိုင်းနိုင်ငံဘက်က ဆက်လက်စောင့်ကြည့်နေဆဲ ဖြစ်သည်ဟု ထိုင်းမီဒီယာများက ဖော်ပြသည်။

ကလေးဖိုးကလိုးရွာမှ စစ်ရှောင် ကရင်အမျိုးသမီးတစ်ဦးက “အကုန်လုံးကိုတော့ ထိုင်းကပေးပြန်ပြီ။ မနေ့ (မတ် ၁၅ ရက်) ကတော့ တဝက်တဝက်ဆီ ပြန်ကုန်ကြတယ်။ ဒါပေမဲ့ ပြန်နေကာမှ လေယာဥ်လာမှာစိုးတယ်။ တခြား ဘာမှမရှိဘူး အဲဒီလေယာဥ်ပဲ ကြောက်ရတယ်” ဟု ပြောသည်။

ပူလူတူစခန်းသိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီက စခန်းနှင့်ပတ်လည်ကို လေကြောင်းတိုက်ခိုက်ရုံသာမက ဒေသခံများ နေထိုင်သည့် ကျေးရွာများသို့ တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ပေါင် ၅၀၀ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုများရှိကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲကြောင့် ထိုင်းဘက်ထွက်ပြေးတိမ်းရှောင်သူများအား ထိုင်းအာဏာပိုင်နှင့် ခရစ်ယာန်သာသနာနယ် အသင်းအဖွဲ့တချို့က ထောက်ပံ့ကူညီမှုများ ပြုလုပ်သလို KNU တပ်မဟာ ၇ နယ်မြေ ဘေးလွတ်ရာသို့ ရှောင်ပြေးကြသည့် စစ်ရှောင်များကိုလည်း KNU ဘက်က ထောက်ပံ့ကူညီမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

KIC ပေးပို့သည်။