ရေကြည်မြို့တွင် အမျိုးသမီးများအပါအဝင် ရခိုင်စစ်ဘေးရှောင် ၂၀ ဦး AA သံသယဖြင့် ဖမ်းဆီးခံရ

By MPM 13 မတ်, 2025 👁 7

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် အမျိုးသမီးများအပါအဝင် ရခိုင်မှစစ်ဘေးရှောင် ၂၀ ဦးကို စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးသွားသည်ဟု ရေကြည်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် စစ်ဘေးရှောင်များမှာ ရခိုင်ပြည် ဂွ၊ သံတွဲနှင့် အမ်းမြို့တို့မှ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေကြသူများဖြစ်ပြီး ယင်းတို့အထဲတွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၄ ဦး တို့ ပါဝင်သည်ဟု သိရသည်။

စစ်ကောင်စီတပ်သားများနှင့် ရဲများက ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင် ဧရာဝတီတိုင်းရှိ သာပေါင်းမြို့နှင့် ရေကြည်မြို့ကို ဆက်သွယ်ထားသည့် ရေကြည်မြို့နယ်ရှိ ဘုရားကြီး-သာပေါင်း လမ်းမအနီးရှိ ၎င်းတို့ စစ်ဘေးရှောင်နေထိုင်သည့်ကျေးရွာသို့ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရေကြည်ဒေသခံ၏ ပြောဆိုမှုအရ သိရသည်။

“သူတို့က AA နဲ့ ဆက်စပ်ပြီး သတင်းပေးတွေဆိုပြီးတော့ သူတို့စစ်ရှောင်တဲ့နေရာအထိ စစ်ကောင်စီတပ်က စစ်သားတွေက လာဖမ်းကြတာ။ အယောက် ၂၀ ပါသွားတယ်။ အမျိုးသမီးတွေလည်းပါတယ်” ဟု ရေကြည်မြို့ဒေသခံက ပြောသည်။

လက်ရှိတွင် အဆိုပါဖမ်းဆီးခံရသူများကို ရေကြည်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟုဆိုသည်။

ဖမ်းဆီးခံရသည့် စစ်ဘေးရှောင်များသည် ရခိုင်မှတိုက်ပွဲများကြောင့် ဘုရားကြီး – သာပေါင်း လမ်းမအနီးရှိ မရမ်းချိုနှင့် ဘုရားကြီးစသည့်ကျေးရွာတို့တွင် စစ်ဘေးရှောင်နေထိုင်ကြသူများ ဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်ကလည်း ဂွ-ငါးသိုင်းချောင်းအနီးတွင် အခြေစိုက်ထားသည့် အမြောက်တပ် (၃၄၄) မှ စစ်ကောင်စီတပ်သားများသည် AA နှင့် ဆက်စပ်သံသယဖြင့် ရေကြည်မြို့နယ်ရှိ မြောက်စမ်းရွာတွင် စစ်ဘေးရှောင်နေသည့် ဂွနှင့် အမ်းမြို့နယ်တို့မှ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၆ ဦးကို ဖမ်းဆီးသွားခဲ့သည်။

ယင်းအပြင် ဧရာဝတီတိုင်း၊ ကျုံးပျော်နှင့် ရေကြည်မြို့နယ်တို့တွင် စစ်ဘေးရှောင်နေကြသည့် ရခိုင်မှ ဒေသခံပြည်သူ ၅၀ ကျော်ခန့်ကိုလည်း စစ်ကောင်စီက ဇန်နဝါရီလအတွင်းက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် ရခိုင်မှတိုက်ပွဲများကြောင့် ဂွ၊ သံတွဲနှင့် အမ်းမြို့နယ်တို့မှ စစ်ဘေးရှောင်လာရောက်ကြသည့် ဒေသခံစစ်ဘေးရှောင် ၁၀၀ ကျော်ထက်မနည်း ဖမ်းဆီးခံထားရကြောင်း ရခိုင်စစ်ဘေးရှောင်များက ခန့်မှန်းပြောဆိုကြသည်။

နိရဉ္စရာ ပေးပို့သည်။