မြစ်ကြီးနားမြို့တွင် ညသန်းခေါင်အချိန် အင်အားသုံးပြီးဧည့်စာရင်းစစ်ဆေးမှုရှိနေ

By MPM 11 မတ်, 2025 👁 7

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ညဉ့်အချိန် ၁၂ နာရီဝန်းကျင်တွင် ရဲနှင့် စစ်သားအင်အား ၅၀ ခန့် အသုံးပြုပြီး ဧည့်စာရင်းစစ်ဆေးမှုတို့ ရှိနေသည်ဟု မြစ်ကြီးနားဒေသခံများက ပြောသည်။

ထိုသို့ ဧည့်စာရင်းစစ်ဆေးရာတွင် ရပ်ကွက်တိုင်း အိမ်တိုင်းနီးပါးကို စစ်ဆေးခြင်းမျိုးမဟုတ်ဘဲ မြစ်ကြီးနားမြို့ အနီးဝန်းကျင်နယ်ထဲက လမ်းမကြီးနဘေးနေအိမ်နှင့်ဆိုင်တို့ကို စစ်ဆေးခြင်းဖြစ်ပြီး ညအိပ်ဧည့်သည်လာသည်နှင့် ဧည့်စာရင်းတိုင်ရမည့် အနေအထားမျိုး ဖြစ်နေသည်ဟု မြို့ခံတို့က ပြောဆိုသည်။

ဧည့်စာရင်းစစ်ဆေးခံရသူ မြစ်ကြီးနားမြို့ဒေသခံ အမျိုးသားတစ်ဦးက “ကျနော်တို့ဘက်လာတာက စစ်သားနဲ့ ရဲ့အယောက် ၅၀ လောက်ရှိမယ်။ ဧည့်စာရင်းစစ်တယ်ဆိုပြီးပေါ့ အကုန်လုံးကိုတော့ စစ်တာမဟုတ်ဘူး။ ကားလမ်းတကြောနေတဲ့သူတွေကိုပဲ လိုက်ပြီးစစ်တာ။ သူတို့ပြောတဲ့ပုံစံအရဆိုရင် ကိုယ့်အိမ်မှာမဟုတ်ရင် တိုင်ရမယ့်ပုံစံ ဖြစ်တာပေါ့” ဟု ၎င်းက ပြောသည်။

ဧည့်စာရင်းမတိုင်ဘဲ ဖမ်းဆီးခံရသူများအနေဖြင့် ဒဏ်ငွေ ကျပ် ၁ သောင်း ဒဏ်ရိုက်ခံရသလို၊ ထောင်ဒဏ် ၃ လ ချမှတ်ခံရနိုင်သည်ဟု စစ်ကောင်စီလက်အောက်ခံအဖွဲ့များက သတိပေးထားကြောင်း ဒေသခံများက ပြောသည်။

တဖက်တွင် ထောင်ဒဏ်မကျခံချင်သူများက ရဲနှင့်စစ်သားအပါအဝင် အမှုကိုသက်ဆိုင်ရာ တာဝန်ယူရှိသူတို့ကို လာဘ်ထိုးရတာမျိုး ရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

“ဧည့်စာရင်းကတော့ လူတိုင်း ကိုယ့်နေရာ ကိုယ့်ရဲ့အိမ်ထောင်စုရှိတဲ့နေရာမှာ မဟုတ်ရင် တိုင်ရင်တော့ ကောင်းတယ်။ ဧည့်စာရင်းတိုင်တာကလည်း မရှုပ်ဘူးလေ။ ဒီလိုမလုပ်ထားရင်တော့ ဖမ်းဆီးခံရတာတွေ များလာနိုင်တယ်” လို့ နောက်ထပ် မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့အတွင်း လာရောက်ခိုလှုံနေထိုင်သူများအနေဖြင့် ဧည့်စာရင်းတိုင်သင့်ကြောင်းနှင့် ဧည့်စာရင်း သက်တမ်းမှာ စတင်တိုင်ကြားသည့်နေ့ကစပြီး တစ်လလျှင်တကြိမ် သက်တမ်းတိုးနေရမည်လည်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် မြန်မာပြည်တစ်ဝှမ်း အာဏာသိမ်းပြီးနောက်ပိုင်းကစတင်၍ ဧည့်စာရင်းစစ်ဆေးမှုကို ပိုမိုတင်းကြပ်လာခြင်း ဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ အထက်ပါဖြစ်စဥ်မျိုး ဧည့်စာရင်းပုဒ်မနှင့် လူငယ်ပျောက်ဆုံးမှုမျိုး ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် အသေးစိတ်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။

ကချင်ပြည်နယ်တွင် ခရိုင်လေးခု၊ မြို့နယ် ၁၈ မြို့နယ်၊ လူဦးရေတစ်သန်းကျော်နေထိုင်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် မြို့တော်မြစ်ကြီးနားတွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်နေတဲ့ကြား အရပ်သားသတ်ဖြတ်ခံရသူတို့လည်း ပိုများလာနေကြောင်း မြို့ခံတို့က ပြောဆိုသည်။

KNG ပေးပို့သည်။