စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးနှင့်အဖွဲ့ တက်ရောက်သည့် ဖားအံနှင့်ကော့ကရိတ်မြို့တို့ကို ဆက်သွယ်ထားသော ဂျိုင်း (ကော့ကရိတ်) တံတားသစ် ဖွင့်လှစ်သည့်အခမ်းအနားကို ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး စစ်သားနှင့်အရပ်သား ထိခိုက်မှုရှိခဲ့ကြောင်း မွန်ပြည်လွတ်မြောက်ရေးတပ်မတော် – MLA ထုတ်ပြန်ပြောဆိုသည်။
တံတားဖွင့်ပွဲပြုလုပ်သည့် မတ်လ ၉ ရက်နေ့ မနက် ၅ နာရီ နှင့် ၈ နာရီ ဝန်းကျင်တွင် MLA လက်အောက်ခံ Spring UAV Force – G3 Fixed-Wing ဒရုန်းအဖွဲ့က ဒရုန်းသုံးလုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်၍ အရပ်သားပြည်သူ ၁ ဦးပါ ဒဏ်ရာရရှိခဲ့သည်ဟု MLA က ပြောသည်။
စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ – ၅၄၅၊ ၅၄၆ နှင့် ဗျုဟာကုန်းတို့တွင် တပ်ဆင်ထားသော ဂျန်ပါပစ္စည်းများကြောင့် ဖွင့်ပွဲနေရာသို့ ကြဲချသည့် ဒရုန်းဗုံးသီးလွှင့်စင်သဖြင့် တံတားဟောင်းအောက်ဘက် မူလတန်းကျောင်း နေရာအနီး စျေးရောင်းသူအရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။
ရပ်ရွာအုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက “အဲဒီ ဂျပန်တံတားဖွင့်တဲ့နေ့က ဂျိုင်းမူကြိုကျောင်းဘက်ကို ဒရုန်း ကျတာ ၂ လုံး၊ ရွာသား ၆ ယောက် အစမှန်တယ်။ သိပ်အဆိုးကြီးတော့ မဟုတ်ပါဘူး၊ ကျုံဒိုးဆေးရုံမှာ ဆေးထည့်တယ်၊ နောက်တစ်လုံးက ဂျပန်ဆိုက်ထဲကျတယ် လူမထိဘူး၊ ဂျိုင်းရွာထဲမှာရယ်၊ သရက်တော ရွာကျောင်းဘက်ရယ်မှာ တော့ စစ်တပ်က လူ ၂၀ လောက်ဆီ ကင်းပုန်းလာဝပ်နေတယ်” ဟု ပြောသည်။
ပြည်သူထိခိုက်ဒဏ်ရာရရှိသည့် ဖြစ်စဥ်အပေါ် ထုတ်ပြန်ချက်နှင့်ကွဲလွဲသဖြင့် သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့ အပါအဝင် မွန် MLA တပ်နှင့်ဆက်သွယ်၍ အတည်ပြုချက်ရယူရာ MLA အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ယခုလိုတုံ့ပြန်ပြောသည်။
“ပြည်သူတစ်ဦးသာ ထိခိုက်သွားပါတယ်။ ဒီအတွက်လည်း အများကြီးစိတ်မကောင်းဖြစ်ရပါတယ်။ နောက်ထပ် ထိခိုက်သေဆုံးမှုရှိတာက တံတားပေါ်က စစ်သားတွေပါ” ဟု ၎င်းက ပြောဆိုသည်။
တဆက်တည်းမှာပင် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ပွဲလမ်းသဘင်၊ အခမ်းအနားရှိရာ အရပ်များသို့ နီးကပ်စွာနေခြင်းမှ ရှောင်ကျဉ်ရန် MLA က အသိပေးသည်။
အဆိုပါ ဂျိုင်းတံတားသစ်ကို ဂျပန်နည်းပညာဖြင့် ဂျပန်ငွေ ယမ်း ၆ ဘီလီယံကျော် အကုန်အကျခံ ဆောက်လုပ်ထားခြင်းဖြစ်ပြီး တံတားအရှည်ပေပေါင်း ၂၀၀၀ နီးပါးရှိကြောင်း စစ်ကောင်စီလက်အောက်ရှိ လမ်းတံတားဦးစီးဌာနက ဆိုသည်။
ထို့ကြောင့် အချက်အချာကျသည့် တံတားဖွင့်လှစ်ရာနေရာသို့ စစ်ကောင်စီလက်အောက် ကရင်ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦးအပြင် ဆောက်လုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ၊ တရားရေးနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ ဒုတိုင်းမှူးတို့လည်း ဖဲကြိုးဖြတ်ရန် တက်ရောက်လာကြသည်ဟုလည်း သိရသည်။
KIC ပေးပို့သည်။