ကချင်ပြည်ရှိ နှစ်လကြာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည် ဗန်းမော်တိုက်ပွဲတွင် ဗန်းမော်မြို့ လက်မလွတ်ရေးအတွက် စစ်ကောင်စီတပ်ဘက်က အပြင်းအထန်ခုခံတိုက်ခိုက်နေသည့် ဒရုန်းလက်နက်ကြီး ၇ ခုကို ကချင်လွတ်လပ်ရေး တပ်မတော် KIA ပစ်ချလိုက်တယ်သည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်တို့က ပြောဆိုသည်။
မတ်လ ၈ ရက်နေ့စပြီး စကခ (၂၁) တပ်ရင်းအနီး၌ စစ်ကောင်စီတပ်နှင့် KIA တို့ နှစ်ဖက်တပ်ကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေပြီး မတ်လ ၁၀ ရက်နေ့ တိုက်ပွဲ၌ စစ်ကောင်စီတပ်၏ ဒရုန်းတွေကို ပစ်ချပေးနိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ပြောသည်။
“ဟုတ်ပါတယ်။ ၆ လုံးနဲ့ ၇ လုံးကြားမှာ ပစ်ချနိုင်ခဲ့တယ်။ ကျနော်တို့ တွေ့တာကတော့ ၆ လုံး ရှိတယ်” ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်၏ ဒရုန်းလက်နက်ကြီး ၇ ခုကို KIA ဘက်က ပစ်ချနိုင်ခဲ့တဲ့အတွက် စကခ (၂၁) တပ်ရင်း ပတ်ပတ်လည်တွင် မတ်လ ၁၁ ရက်နေ့အထိ နှစ်ဖက်တပ်ကြား တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်ဟု ဆိုသည်။
KIA ပူးပေါင်းတပ်တွေဟာ သံချပ်ကာတပ်၊ အမြောက်တပ် ၃၆၆ ၊ လေယာဉ်ကွင်းနေရာတို့ကို ဇန်နဝါရီလကုန် ပိုင်းက အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီး လက်ရှိတွင် စကခ (၂၁) နေရာကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။
ယင်းအပြင် KIA ဘက်က ဗန်းမော်တက္ကသိုလ်ဝင်းနေရာနှင့် စစ်ကောင်စီ ခလရ ၄၇ တပ်ရင်းနေရာရှိတဲ့ လမ်းကြောင်းကိုလည်း ပိတ်ဆို့တိုက်ခိုက်နေသည်ဟု သိရသည်။
လက်ရှိ ဗန်းမော်တိုက်ပွဲ ပြင်းထန်နေတဲ့အခြေအနေနှင့် ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုလိုပြောသည်။
“ဒရုန်း ၇ လုံး ပစ်ချနိုင်တာနဲ့ သတင်းကအသေးစိတ် မသိရသေးပါဘူး။ စကခ ၂၁ နေရာမှာ ပြင်းပြင်းထန်ထန် ပြန်ဖြစ်နေတာက ၃ ရက်လောက် ရှိလာပြီ။ ခါတိုင်းထက်ပိုပြင်းထန် တယ်လို့တော့ပြောလို့ ရပါတယ်” ဟု ပြောသည်။
စစ်ကောင်စီဘက်ကနေ တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်တွင် လေကြောင်းနှင့် မရေတွက်နိုင်အောင် ဗုံးကြဲ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူ ပြောသည်။
မတ်လ ၁၀ ရက်နေ့ စစ်ကောင်စီတပ်ရဲ့ ဒရုန်းပစ်ချနိုင်တာနဲ့ ပတ်သက်ပြီး စစ်တပ်ထောက်ခံတဲ့ Telegram Channal တို့က ‘ရန်သူဘက်က မိမိတို့ရဲ့ ဒရုန်း ၉ ခုကို ပစ်ချပေးလိုက်တယ်။ ဒရုန်းတွေ အလုပ်မဖြစ်တော့ဘူး’ ဟု ရေးသားဖော်ပြထားတာကိုလည်း တွေ့ရသည်။
KNG ပေးပို့သည်။