စလင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး လေကြောင်းတိုက်ခိုက်မှုပါပြုလုပ်နေ

By MPM 10 မတ်, 2025 👁 4

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး လေကြောင်းမှတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် မတ် ၈ ရက်နေ့မှ စတင်ကာ စလင်းမြို့နယ် ကျပင်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး ကျေးရွာ ၅ ရွာက ပြည်သူများ ရှောင်တိမ်းနေရသည်ဟု သိရသည်။

“လက်ရှိအချိန်အထိတော့ စစ်ကြောင်းက ရှိနေသေးတယ်။ ကျပင်းရွာက ပြည်သူတွေနေအိမ်တွေကို ဖောက်ထွင်းခိုးယူတာတွေ လုပ်တယ်။ ကျပင်းရွာတောင်ကျောင်းက ဘုန်းကြီးတစ်ပါးကို စစ်ကောင်စီက ဖမ်းသွားတာလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က မတ် ၉ ရက် နေ့လယ်ပိုင်းတွင်လည်း ကျပင်းရွာကို လေကြောင်းကနေပစ်ခတ်ခဲ့ရာ၌ အထိအခိုက် အပျက်အစီးကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ သံပြားကာ ကားအကြီး ၃ စီး၊ ခြောက်ဘီး သံချပ်ကာ BTR ၂ စီးနှင့် Sinotruk ၂ စီးတို့သည် မကွေးမှ စလင်းမြို့သို့ မတ် ၆ ရက်တွင် ရောက်ရှိလာကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြား မတ် ၉ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပြီး စစ်ကောင်စီ ဘက်က အထိအခိုက်များသည်ဟု ဒေသခံများဘက်က ပြောဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

သံလွင်တိုင်းမ် ပေးပို့သည်။