လွိုင်လင်တိုးဂိတ်အနီး စစ်ကောင်စီလက်အောက်ခံ မူးယစ်ပူးပေါင်းအဖွဲ့က ကားသမားများကို အကြောင်းမဲ့ စစ်ဆေးခြိမ်းခြောက်နေ

By MPM 10 မတ်, 2025 👁 4

သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့အထွက် တိုးဂိတ်အနီးတွင် စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ပူးပေါင်းအဖွဲ့များက ကားသမားများကို အကြောင်းမဲ့ဖမ်းဆီးစစ်ဆေးပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။

မတ်လ (၈) ရက် ညနေ့ ၈ နာရီကျော်က လွိုင်လင်မြို့အထွက် တိုးဂိတ်အနီးရှိ စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးပူးပေါင်းအဖွဲ့များက တောင်ကြီး-နမ့်စန် ခရီးသည်တင်ကား ပြေးဆွဲနေသည့် ကားသမားများကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးစစ်ဆေးပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။

“မူးယစ်အဖွဲ့က မပြောမဆိုနဲ့ ကားပေါ်ကဆင်းခိုင်းပြီး မှတ်ပုံတင်သိမ်းလိုက်တယ်။ ပြီးတော့ တာဝန်ခံဆီ ခေါ်သွားတယ်။ ကားပေါ်မှာလည်း ဘာမှမပါလာဘူး၊ ကားကလည်း လိုင်စင်ကားပဲ။ အဲ့ဒါကို ဘာမှ မမေးမပြောဘဲနဲ့ သေနတ်နဲ့ချိန်တယ်။ မင်းတို့ဘာထင်နေတုန်း၊ ဘာအဖွဲ့အစည်းမဆို ဖြတ်သွားရင် ငါတို့စစ်ပြီးမှ သွားလို့ရမယ်၊ တိုင်းမှူးကနေ နှုတ်နဲ့တာဝန်ပေးထားတာလို့ပြောတာ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ကားသမားတစ်ဦးက ပြောသည်။

လွိုင်လင်မြို့အထွက် တိုးဂိတ်အနီး စခန်းချဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲအုပ်တင်ထွန်းအောင်နှင့် အဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး တင်မောင်မြင့်တို့ ဦးဆောင်ပြီး ပြည်ထောင်စုလမ်းမကြီးတလျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်ယာဉ်များ ကို အမျိုးမျိုးအကြောင်းပြစစ်ဆေးပြီး ခြိမ်းခြောက်ငွေတောင်းခံမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

“သူတို့ကြတော့ ဝစ်သောက်ကားစီးပြီး သူများကို စစ်နေတာ၊ အရက်လည်း မူးထားသေးတယ်။ လူနာမည် မေးလိုက်၊ ကားထဲစစ်လိုက်နဲ့ တခုပြီးတခုမေးပြီး ခြိမ်းခြောက်တယ်။ ၈ နာရီကျော်က စစစ်တာ ၁၁ နာရီကျော်မှ ပေးဖြတ်တယ်။ လူကိုလည်း တွန်းတွန်းထိုးထိုးလုပ်တယ်၊ ဘာမှ ပေးမပြောဘူး။ ဝတ္တရားနှောက်ယှက်မှုနဲ့ တရားဆွဲမယ်တို့ အဲ့လို ခြိမ်းခြောက်တာ” ဟု တောင်ကြီး-နမ်စန် ခရီးသည်တင်ကားပြေးဆွဲနေသူ ယာဉ်မောင်းက ဆက်ပြောသည်။

စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်များတွင် ခရီးသည်တင်ကားများကို အမျိုးမျိုးအကြောင်းပြကာ စစ်ဆေးနေခြင်းကြောင့် အမျိုးသမီးများ ခရီးသွားလာပါက လုံခြုံရေးစိုးရိမ်ရပြီး သတိထားရန်လိုအပ်ကြောင်း ကားသမားများက ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး လွိုင်လင်မြို့ရှိ စစ်ကောင်စီဂိတ်မှ မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးကာ မြို့အဝင်အထွက်ဂိတ်များတွင် ကင်းစောင့်ခိုင်းခဲ့ကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။