28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ရှေ့ကနေသွားတဲ့ခေါင်းဆောင်တွေက သူတို့နောက်ကနေလိုက်ဖို့ ၊ သူတို့အမိန့်ကို နာခံဖို့အတွက်ပဲ အားသန် နေကြတယ်။ အခုက ကျမတို့သျှမ်းလက်နက်ကိုင် တော်လှန်ရေးမှာပဲဖြစ်ဖြစ် ၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ်...

“ရှေ့ကနေသွားတဲ့ခေါင်းဆောင်တွေက သူတို့နောက်ကနေလိုက်ဖို့ ၊ သူတို့အမိန့်ကို နာခံဖို့အတွက်ပဲ အားသန် နေကြတယ်။ အခုက ကျမတို့သျှမ်းလက်နက်ကိုင် တော်လှန်ရေးမှာပဲဖြစ်ဖြစ် ၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ် အချင်းချင်း ကွဲပြဲနေကြတယ်။ အချင်းချင်း ရင်ကြားစေ့နိုင်တာတွေမရှိဘူး။ အချင်းချင်း ချစ်ခင်တာတွေမရှိဘူး။ အဲတော့ ရှေ့မျိုးဆက်ကအတိုင်းပဲဆိုရင် ကျမတို့လူငယ်တွေစိတ်ပူတယ်” ယိင်းမွေလျန်း / သျှမ်းကျောင်းသားသမဂ္ဂ (TSU) ဦးဆောင်ကော်မတီဝင်

နွေဦးတော်လှန်ရေးတွင် သျှမ်းလူငယ်များပါဝင်လှုပ်ရှားနေမှုအခြေအနေ၊ သျှမ်းနိုင်ငံရေးခေါင်းဆောင်များအပေါ် သျှမ်းလူငယ်တို့ အမြင်များနှင့်ပတ်သက်ပြီး သျှမ်းကျောင်းသားသမဂ္ဂ (TSU) ဦးဆောင်ကော်မတီဝင် ယိင်းမွေလျန်း နှင့် တွေ့ဆုံမေးမြန်းချက်။

၂၀၂၅ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ကျရောက်သည့် သျှမ်းလူငယ်များနေ့ Tai Youth Day သည် ၈ နှစ်တိုင်တိုင် ပြည့်ခဲ့ပြီဖြစ်သည်။ ထို ၈ နှစ်တာကာလအတွင်း ပုံစံမျိုးစုံနှင့် အခမ်းအနား ပြုလုပ်လာခဲ့ကြသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းနှင့် “ ၁၀၂၇ စစ်ဆင်ရေး” ပြီးနောက်ပိုင်း၌ သျှမ်းလူငယ်များအကြား အတွေးအခေါ် သည်လည်း ပုံစံအမျိုးမျိုး ပြောင်းလဲလာခဲ့သည်။

အဓိကအားဖြင့် စစ်အာဏာရှင်တော်လှန်ရေးနှင့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များ မပါဝင်လာသည့်အပေါ် သျှမ်းပြည်သူလူထုအကြားနှင့် သျှမ်းလူငယ်များအကြား ဝေဖန်ထောက်ပြမှုများ ထွက်ပေါ် လာခဲ့ပါသည်။

ယခုလို ပြောင်းလဲမှုမြန်ဆန်သည် နိုင်ငံရေးအရွှေ့နှင့် နွေဦးတော်လှန်ရေးတွင် သျှမ်းလူငယ်များ ဘယ်လိုပုံစံနှင့် ပါဝင်လှုပ်ရှားနေကြပါလဲ။ သျှမ်းနိုင်ငံရေး ခေါင်းဆောင်များအပေါ်မှာရော သျှမ်းလူငယ်တို့အမြင်က ဘယ်လို ရှိနေပါလဲ။ ဒီအခြေအနေများနှင့် ပတ်သက်ပြီး သျှမ်းကျောင်းသားသမဂ္ဂ (TSU) ဦးဆောင်ကော်မတီဝင် ယိင်းမွေလျန်းကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ စစ်အာဏာရှင်အမြစ်ဖြတ်တိုက်ဖျက်ရေးနဲ့ နွေဦးတော်လှန်ရေးထဲမှာ သျှမ်းလူငယ်တွေ ဘယ်လိုပုံစံ တွေနဲ့ လှုပ်ရှားနေကြပါလဲ။

ဖြေ။ ။ လူငယ်တွေလှုပ်ရှားမှုကတော့ သူဟာနဲ့သူ၊ သူအဖွဲ့အစည်းနဲ့သူတို့ လုပ်နိုင်တဲ့အရာတွေကို သူတို့ လှုပ်ရှားမှုတွေ ရှိနေပါတယ်။ ပညာရေးပိုင်းမှာ အလုပ်လုပ်နေတဲ့အဖွဲ့အစည်းကလည်း ပညာရေးပိုင်းမှာ လုပ်နေတာတွေရှိတယ်။ တချို့ ဒီနိုင်ငံရေးနဲ့ တော်လှန်ရေးအဖွဲ့အစည်းကလည်း သူတို့နိုင်တဲ့ဘက်ကနေ ကိုယ်ဟာနဲ့ကိုယ် လူငယ်တွေကို စည်းရုံးလှုံ့ဆော်တာ၊ အသိပညာပေးတာ၊ နောက်တစ်ခုက ကျမတို့ စစ်ဘေးရှောင်တွေကို ကူညီတာ၊ ကိုယ်နိုင်တဲ့နေရာဘက်ကနေတော့ လူငယ်တွေ လုပ်စရာရှိတဲ့အလုပ်တွေကို အများကြီး လုပ်နေကြတာပေါ့။

မေး။ ။ စစ်အာဏာရှင်အမြစ်ဖြတ်တိုက်ဖျက်ရေး၊ နွေဦးတော်လှန်ရေးထဲမှာ သျှမ်းလူမျိုးပါဝင်မှုအားနည်းနေတဲ့ ဝေဖန်မှုအပေါ်မှာရော ဘာပြောချင်ပါလဲ။

ဖြေ ။ ။ သျှမ်းတွေ တော်လှန်ရေးမှာပါဝင်မှုအားနည်းနေတယ်လို့ ပြောတဲ့အခါမှာ နှစ်ပိုင်းခွဲပြောရမှာ ဖြစ်ပါတယ်။ တခုကတော့ သျှမ်းလက်နက်ကိုင်နဲ့ သျှမ်းပြည်သူ သျှမ်းလူငယ်တွေပေါ့။ သျှမ်းလက်နက်ကိုင် တွေကတော့ လက်ရှိတော်လှန်ရေးမှာ ပါဝင်မှုအားနည်းနေတာတော့ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျမတို့ လူငယ်တွေကိုပြန်ကြည့်တဲ့အခါမှာ သျှမ်းဆိုတဲ့နာမည်နဲ့ပဲ ရှေ့မထွက်ကြတာမျိုးတွေရှိတယ်။ တကယ်တမ်းတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲမှာရော၊ ကရင်နီ တော်လှန်ရေး တပ်ဖွဲ့ထဲမှာရော သျှမ်းလူငယ်တွေက နိုင်တဲ့အနေအထားဘက်ကနေ သူတို့အများကြီး ပါနေကြတယ်။

အထူးသဖြင့် စစ်ကိုင်းတိုင်း ၊ ကချင်ဒေသက PDF တွေမှာဆိုရင်လည်း သျှမ်းလူငယ်တွေက တပ်မှူးခေါင်းဆောင်၊ တပ်ရင်းခေါင်းဆောင်တွေ ဖြစ်နေတာတွေရှိတယ်။ ခေါင်းဆောင်လုပ်ပြီးတော့ ဒီလိုတော်လှန်ရေးမှာ ပါနေတာတွေ ရှိတယ်။ တချို့ဆိုရင် KNU ထဲမှာ ကရင်ပြည်နယ်ထဲရောက်ပြီးတော့မှ အာဏာရှင်တော်လှန်ရေးမှာပါနေတဲ့ သျှမ်းလူငယ်တွေရှိတယ်။ သျှမ်းလူငယ်တွေ တော်လှန်ရေးမှာပါနေတာ အများကြီးရှိတယ်။ ဒါတွေအပြင် NUG လက်အောက်က မိုးဗြဲ ၊ ဖယ်ခုံမှာဖြစ်တဲ့ တပ်ရင်းတွေဆိုရင်လည်း သျှမ်းလူငယ်တွေအများစု ပါထားတဲ့ တပ်ရင်းတွေလည်း ရှိတယ်။ ဒါကတော့ လက်နက်ကိုင်တော်လှန်ရေးပေါ့။

အဲ့ဒါအပြင် ကျမတို့ သျှမ်းလူငယ်ကိုယ်တိုင်ကလည်း လူငယ်အဖွဲ့အစည်းတွေကနေတဆင့် တက်နိုင်တဲ့ဘက် ကနေ လူအခွင့်အရေးနဲ့ ပတ်သက်မလား ၊ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးကျူးလွန်မှုနဲ့ ပတ်သက်မလား၊ စစ်ကောင်စီကို အကြမ်းမဖက်နည်းလမ်းနဲ့လည်း ပြောနေတဲ့ သျှမ်းလူငယ်အဖွဲ့အစည်းတွေလည်း အများကြီး ရှိတယ်။ သူတို့တတ်နိုင်တဲ့နေရာကနေ လုပ်နေကြတယ်။ အဲတော့ သျှမ်းလူငယ်တွေက လက်နက်ကိုင် တော်လှန်ရေးမှာ မပါဘူးလားဆိုရင်လည်း မဟုတ်ပြန်ဘူး။ ဒါပေမဲ့ သျှမ်းဆိုတဲ့ နာမည်တစ်ခုနဲ့ ရှေ့မထွက်လာ တာပဲရှိတယ်။

သျှမ်းလက်နက်ကိုင်က တော်လှန်ရေးထဲ မပါလာတာနဲ့တင် သျှမ်းလူငယ်တွေမပါတော့ဘူးလို့ မြင်သွားတာ ဖြစ်လိမ့်မယ်လို့ ကျမပြောချင်ပါတယ်။ သျှမ်းလူငယ် မပါတာတော့ မဟုတ်ဘူး၊ သျှမ်းလူငယ်တွေပါတယ်။ လုပ်နေတဲ့သူတွေလည်း အများကြီးလုပ်နေကြတယ်။ ဒါပေမဲ့ သျှမ်းလက်နက်ကိုင်တွေက ရှေ့ကနေ မသွားတဲ့ အတွက်ကြောင့်မို့လို့ သျှမ်းလူထုတွေအကုန်လုံးက မပါနိုင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမဲ့ ပါတဲ့သူတွေကတော့ ပါနေဆဲပါပဲ။

မေး ။ ။ စစ်အာဏာရှင် တိုက်နေချိန်မှာ သျှမ်းလက်နက်ကိုင်တပ်တွေ မပါဝင်လာတဲ့အပေါ်မှာ ဘာများ ပြောချင်ပါလဲ။

ဖြေ ။ ။ အမှန်တိုင်းပြောရရင်တော့ စိတ်တော့မကောင်းဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတိုင်း၊ လူမျိုးတိုင်းနီးပါးကတော့ အတတ်နိုင်ဆုံး သူတို့တတ်နိုင်တဲ့ဘက်ကနေ အာဏာရှင် တော်လှန်ရေးမှာ ပါဝင်နေတာမျိုးက အများကြီးပဲ။ ဒါပေမဲ့ သျှမ်းလက်နက်ကိုင်တွေ မပါဘူးဆိုပေမဲ့ လုံးလုံးကြီး တော်လှန်ရေးမှာ လက်နက်နဲ့စစ်တပ်ကို တိုက်တာမျိုးမလုပ်တာပဲလို့ ကျမမြင်တယ်။ ဒီမေးတဲ့ မေးခွန်အရ ဆိုရင်ပေါ့။ ဒါပေမဲ့ ဒီသျှမ်းလက်နက်ကိုင်တွေမှာ ကူညီတာမျိုးတွေလည်း လုပ်နေတယ်။ တိုက်ရိုက် မပါဝင်တာတောင်မှ တချို့ကူညီနိုင်တဲ့ အပိုင်းတွေဆိုရင် ဥပမာ CDM တွေကို လွတ်မြောက်ရာဒေသမှာ သူတို့ခိုလှုံခွင့်ရအောင် သူတို့ ကူညီပေးတာ၊ ဒါမှမဟုတ် သူတို့နဲ့နီးစပ်တဲ့ မဟာမိတ် EAO တွေမှာ စစ်သင်တန်းကူညီပေးတာ၊ နောက်ကွယ် ကနေ တိတ်တိတ်ကူညီပေးနေတာမျိုးတွေလည်း ရှိလိမ့်မယ်။

တိုက်ရိုက်ကြီး စစ်တပ်ကိုမတိုက်တာပေါ့နော်။ ဒါပေမဲ့ လက်ရှိအချိန်ကာလမှာတော့ သံပူတဲ့အချိန်မှာတော့ ထုသင့်တယ်လို့မြင်တယ်။ နောက်တခုကတော့ ဒီလိုအခြေအနေမျိုးမှာဆိုရင် စစ်ကောင်စီက သူတို့အဖက်ဖက်မှာ ရှုံးနိမ့်နေပြီ၊ တကယ်စစ်ကောင်စီအမာခံဖြစ်တဲ့ တိုင်းစစ်ဌာနချုပ်တွေ အများကြီးကျတယ်။ ဒါက ပြည်ထောင်စု မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေး နှစ် ၇၀ ၊ ၈၀ သမိုင်းမှာ တစ်ခါမှမဖြစ်ဖူးတဲ့အဖြစ်မျိုး။ ဒီလို အချိန်မျိုးမှာ ကိုယ့်သျှမ်းလက်နက်ကိုင်မှာ လက်နက်တွေလည်းရှိတယ်။ လူအင်အားတွေလည်း ရှိတယ်ဆိုရင် ဘာလို့မလုပ်နိုင်ရတာလဲ။ နောက်တခုကတော့ လူထုနစ်နာမှာကြောက်လို့ဆိုပြီးတော့ ပြောကြလိမ့်မယ်။ အဲဒါဆိုရင် အခုသျှမ်းပြည်အရှေ့ပိုင်းက လွဲပြီးတော့ သျှမ်းပြည်အနှံ့မှာ တိုက်ပွဲဖြစ်နေတယ်။

သျှမ်းပြည် အလယ်ပိုင်း ၊ တောင်ပိုင်း ၊ မြောက်ပိုင်းတွေမှာ တိုက်ပွဲတွေဖြစ်နေတယ်။ လူထုတွေ စစ်ဘေးရှောင် နေရတယ်။ လူထုတွေ နစ်နာနေရတယ်။ ကိုယ်မတိုက်လည်း သူများကလာပြီးတော့ တိုက်မှာပဲ။ ကိုယ်မလုပ်လည်း လူထုနစ်နာတာက နစ်နာနေမှာပဲ။ အဲတော့ သူများကတိုက်ပြီးတော့မှ ကိုယ်ရဲ့လက်ရှိ နယ်မြေတွေ ဆုံးရှုံးသွားတာထက်စာရင် ဘယ်လိုပဲဖြစ်ဖြစ် လူထုကထိခိုက်နစ်နာနေမဲ့အတူတူ ဘာလို့ မတိုက်တာလဲဆိုပြီးတော့ ကျမတို့ပြန်ပြီး မေးခွန်းထုတ်ချင်တယ်။ ဒါပေမဲ့ ကျမပြောခဲ့သလိုပဲ လုံးလုံးမပါဝင်ဘူး ဆိုတာမျိုးလည်း ကျမတို့မစွပ်စွဲချင်ဘူး။ သူတို့လည်း တတ်နိုင်တဲ့ဘက်ကနေကူလိမ့်မယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ပါသင့်တယ်လို့ ကျမတို့ပြောချင်ပါတယ်။

မေး။ ။ ဒီတော်လှန်ရေးမှာ သျှမ်းလက်နက်ကိုင်တွေမပါလာတဲ့အပေါ်မှာ သျှမ်းလူငယ်တွေအနေနဲ့ ဘယ်လို စိန်ခေါ်မှုတွေ ကြုံတွေ့နေရပါလဲ။

ဖြေ ။ ။ အဓိကတော့ ကျမတို့သျှမ်းလူငယ်တစ်ယောက်အနေနဲ့ဆိုရင် တော်လှန်ရေးလုပ်ငန်းတွေမှာပါဝင်မယ်၊ တခြားစစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်မယ်ဆိုရင် အရင်ဆုံးမေးခံရတာက နင်တို့သျှမ်းတွေ ဘာလို့မပါတာလဲဆိုတာ အရင်ဆုံး အမြဲတမ်းမေးခံရတဲ့မေးခွန်ဖြစ်တယ်။ ဒီလိုမျိုးမေးခံရတာက ကိုယ်လုပ်နိုင်တာ တွေကိုလုပ်သွားနိုင်တယ်။ နောက်တခု အဲထက်ပိုဆိုးတာက အောက်ခြေက ကျမတို့ပြည်သူတွေဖြစ်တယ်။ တကယ့်အောက်ခြေက ဘယ်သူတွေဟာ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုကို ခံရတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ခံရတယ်။ အမျိုးစုံသောဒုက္ခဆင်းရဲတွေနဲ့ ရင်ဆိုင်နေ ရတယ်။

အဲလို ဒုက္ခဆင်းရဲတွေနဲ့ ရင်ဆိုင်နေရလို့ ကျမတို့ထုတ်ဖော်ပြောဆိုတယ်။ ဒီမှာပြည်သူတွေကတော့ ဒုက္ခရောက် နေတယ်။ ပြည်သူတွေကတော့ ဒီလိုလူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ပြောရင် မင်းတို့သျှမ်းတွေက တော်လှန်ရေးထဲမှ မပါတာ၊ မင်းတို့ ခံရမှာပေါ့ဆိုတဲ့ ပုံစံမျိုး ၊ မေးခွန်မျိုးတွေ victim blaming တွေ အများကြီး ပြန်ခံရတယ်။ ဒါက အရမ်းကြီးတဲ့စိန်ခေါ်ချက်ဖြစ်တယ်။ နင်တို့သျှမ်းတွေမပါတော့ နင်တို့သျှမ်းတွေခံရတာ ဖြစ်သင့်တယ်လို့ပြောတဲ့ ပုံစံမျိုးတွေလည်း တွေ့ရတယ်။ နောက်တခုကတော့ ကိုယ်ကိုယ်တိုင်ကလည်း စစ်ကောင်စီကိုပဲ တော်လှန်ချင်တယ်။

စစ်ကောင်စီကို တခြားလူမျိုးတွေလို ရှေ့ကနေထွက်ပြီးတော့မှ ရဲရဲဝံ့ဝံ့ပါချင်တယ်။ ဒါမှမဟုတ် ကိုယ့်ဒေသမှာ ရှိတဲ့ပြည်သူတွေကို ကိုယ်တတ်နိုင်တဲ့ဘက်က ကာကွယ်မှုတွေလုပ်ပေးချင်တယ်။ ဒါပေမဲ့ ဒီဟာတွေလုပ်ဖို့ အတွက်ကြတော့ ကျမတို့သျှမ်းလက်နက်ကိုင်တွေက ဒီတော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင်မပါတဲ့အခါမှာ ကျမတို့ ကိုယ်တိုင်ပူးပေါင်းလုပ်ဆောင်ဖို့လည်း အခွင့်အရေးက အရမ်းကိုနည်းသွားတယ်။ ပြီးတော့ တခြားလူမျိုးတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်တဲ့အခါမှာလည်း မျက်နှာငယ်ရတယ်။ ထပ်ပြီးတော့ ကိုယ်တွေရဲ့ပြည်သူတွေ ကလည်း အပြောခံရတယ်။

မေး ။ ။ လက်ရှိ သျှမ်းနိုင်ငံရေးခေါင်းဆောင်တွေနဲ့ သျှမ်းလူငယ်တွေကြားမှာရော တွေ့ဆုံမှုတွေ၊ စေ့စပ်မှုတွေ အတူတူလုပ်ဆောင်ဖို့ကရော ဘယ်အရာကအဟန့်အတားဖြစ်နေပါလဲ။

ဖြေ ။ ။ အဓိကတော့ ကျမတို့အတွေးအခေါ်နဲ့ အသက်အရွယ်ကွာဟမှုပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် လက်ရှိ သျှမ်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့မှာက လူငယ်ခေါင်းဆောင်ပိုင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ လူငယ် ခေါင်းဆောင်က အနည်းဆုံး အသက် ၄၀ အထက်ရှိတယ်လို့ ကျမထင်တယ်။ အဲ့မှာ ကျမတို့မျိုးဆက်က နှစ်ဆက်လောက် ကွာခြားနေပြီ။ မျိုးဆက်နှစ်ဆက်လောက် ကွာခြားနေတဲ့အခါမှာ အခုခေတ်လူငယ်တွေ မြင်တဲ့အမြင်ရယ်၊ သူတို့မြင်တဲ့အမြင်ရယ်က အရမ်းကိုကွာခြားသွားတယ်။ အခုလူငယ်တွေတွေးတဲ့ အတွေးခေါ် နဲ့လည်း အရမ်းကိုကွာခြားသွားတယ်။ နောက်တခုကတော့ ကျမတို့လူငယ်တွေရဲ့ ပြောတဲ့စကားတွေကို သျှမ်းလက်နက်ကိုင်လူကြီးတွေက နားမထောင်ဘူးလားဆိုရင် နားထောင်တယ်။

ဒါပေမဲ့ နားထောင်ပြီးတော့မှ လိုက်လုပ်လားဆိုရင် ပေးတဲ့အကြံတွေကို နားထောင်ရုံပဲ၊ လိုက်မလုပ်ဘူး။ ပြောရမယ်ဆိုရင် မင်းတို့လူငယ်အသံတွေကို ငါတို့နားထောင်ပေးတယ်။ တကယ် လူငယ်အသံတွေကို အသုံးချလား ၊ ဒီလူငယ်တွေရဲ့စွမ်းအားကို အသုံးချလားဆိုရင် အသုံးမချဘူး။ ပွင့်ပွင့်လင်းလင်းပြောရင်တော့ သျှမ်းလူငယ်တွေက လူကြီးတွေကို အားကိုးချင်တယ်။ ရှေ့ကနေ ကိုယ်ကိုယ် National Mission , Vision plan တွေကို လမ်းဖောက်ထားပေးပြီးတော့မှ ကျမတို့ ကိုယ်ပြည်နယ်အရေးပဲဖြစ်ဖြစ် ကိုယ်လူမျိုးအရေးပဲဖြစ်ဖြစ် လုပ်သွားပေးမဲ့ လက်နက်ကိုင်ခေါင်းဆောင်တွေကို ကျမတို့မြင်ချင်တယ်။ အဲလိုလုပ်ဖို့အတွက်လည်း ဒီလူငယ်တွေက သူတို့ကိုသွားပြီးကူညီပံ့ပိုးချင်တယ်။

ဒါပေမဲ့ အခုတော်တော်များများက လက်နက်ကိုင်တပ်ဖွဲ့မှမဟုတ်ဘူး၊ တော်လှန်ရေး အသိုင်းအဝိုင်းအများစုက လူငယ်တွေကို သူတို့ရဲ့အသုံးချစရာတခုအနေနဲ့ Òဒီမှာငါတို့ လူငယ်တွေကို ခေါ်ပါတယ် ၊ လူငယ်တွေကို နေရာပေးပါတယ်” ဆိုတဲ့ လူငယ်တွေကို အသုံးချစရာလုပ်နေတာဖြစ်နေတယ်။ တကယ့်လူငယ်တွေကို ရှေ့တန်းမှာထွက်ပြီးတော့ ပေးလုပ်တာမျိုးတွေ၊ တကယ့်လူငယ်အသံတွေကို နားထောင်တာမျိုးတွေ ၊ တကယ့်ပြုပြင်ပြောင်းလဲတာမျိုးတွေ မလုပ်ဘဲနဲ့ ဒီလူငယ်တွေကို အလှပြရုံသက်သက်ပဲ အသုံးချင်နေကြ တာမျိုးတွေက ပိုပြီးတော့များနေတယ်။ တကယ်တမ်းလူငယ်တွေက ကိုယ်တတ်နိုင်တဲ့ဘက်ကနေပြီတော့မှ အရမ်းကိုလုပ်ပေးချင်တယ်။ ဒါပေမဲ့လုပ်ခွင့်မရဘူး။ ပြီးတော့ လူကြီးတွေကလည်း လူငယ်တွေကိုမယုံကြည်ဘူး။

မေး ။ ။ သျှမ်းလူငယ်တွေအနေနဲ့ လက်ရှိအနေအထားအရ သျှမ်းနိုင်ငံရေးခေါင်းဆောင်တွေကို အားရကျေနပ်မှု ရှိပါလား။ သူတို့အပေါ်ဘယ်လိုမြင်လဲ။

ဖြေ ။ ။ တော်လှန်ရေးတခုပဲဖြစ်ဖြစ် ၊ နိုင်ငံရေးတခုပဲဖြစ်ဖြစ် ရေရှည်ဖြစ်တာမျိုးတော့ မကောင်းပါဘူး။ ရေရှည် ရှေ့ဆက်သွားဖို့အတွက် ကိုယ်အမျိုးသားရေးပဲလုပ်လုပ် ၊ ကိုယ်ပြည်နယ်အရေးပဲလုပ်လုပ်၊ ကိုယ်လူထုအရေးပဲ လုပ်လုပ် ကျမတို့မျိုးဆက်သစ်တွေ မွေးထုတ်ပေးဖို့လိုတယ်။ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးတဲ့အခါမှာ အခုဖြစ်နေတဲ့ ရှေ့ကနေသွားတဲ့ခေါင်းဆောင်တွေက သူတို့နောက်ကနေလိုက်ဖို့ ၊ သူတို့အမိန့်ကို နာခံဖို့အတွက်ပဲ အားသန်နေကြတယ်။ အခုက ကျမတို့သျှမ်းလက်နက်ကိုင် တော်လှန်ရေးမှာပဲဖြစ်ဖြစ် ၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ် အချင်းချင်းကွဲပြဲနေကြတယ်။ အချင်းချင်း ရင်ကြားစေ့နိုင်တာတွေမရှိဘူး။ အချင်းချင်း ချစ်ခင်တာတွေမရှိဘူး။ အဲတော့ ရှေ့မျိုးဆက်ကအတိုင်းပဲဆိုရင် ကျမတို့လူငယ်တွေစိတ်ပူတယ်။

ရှေ့ဆက်ပြီးတော့မှ လူငယ်တွေကို အသုံးချရုံသက်သက်ပဲ ဆက်ဆွဲခေါ်သွားမယ်ဆိုရင် အခုဖြစ်နေတဲ့အတိုင်း အချင်းချင်း ရန်တွေဆက်ဖြစ်နေကြမယ်။ ဒီဘက်ကတော့ ငါတို့လူငယ် ၊ ဟိုဘက်ကတော့ နင်တို့လူငယ်ဆိုပြီး ကြားထဲကနေ သွေးခွဲမယ်။ ဒီလိုအရာတွေကြောင့် ရေရှည်မှာ ကျမတို့က Fail State ကျရှုံးလူမျိုးတစ်ခု ဖြစ်သွားမှာကိုတော့ စိတ်ပူမိတယ်။ ဘယ်လိုမြင်လဲဆိုရင် အခုလူငယ်တွေကို အသုံးချဖို့အတွက် လူငယ်တွေကို သွေးခွဲနေတယ်။ အခွင့်အလမ်း မပေးဘူးလို့မြင်မိတယ်။ နောက်တစ်ခုကတော့ ပြည်သူတွေကိုလည်း ကာကွယ် ပေးမှုမရှိဘူး။ ပြည်သူတွေရဲ့ စိတ်ဆန္ဒတွေကိုလည်း နားမထောင်ဘူးလို့ မြင်ပါတယ်။ ဒါလည်း သူတို့မှာလည်း သူတို့အခက်အခဲနဲ့ သူတို့ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး ပြောင်းလဲနိုင်တာရှိတယ်။ ဒီထက်ပိုပြီး လုပ်နိုင်တာမျိုးတွေ ရှိတယ်။ ဒီထက်ပိုပြီး နားထောင်ရတာမျိုးတွေ ရှိတယ်။ သူတို့ကို ဒီထက်ပိုပြီးတော့ လူငယ်တွေရဲ့အသံကို ပိုပြီးနားထောင်စေချင်တယ်။

မေး ။ ။ သျှမ်းလက်နက်ကိုင်တွေအချင်းချင်း ပြန်တိုက်ခိုက်နေတဲ့အပေါ်ရော ဘာများပြောချင်ပါလဲ။

ဖြေ ။ ။ ဘုံရန်သူကိုမတိုက်ဘဲ အချင်းချင်းပြန်တိုက်နေတယ်ဆိုတဲ့ နေရာမှာလည်းအမှန်ပဲ။ အပေါ်က ပြောသွားသလိုပဲ ပြည်သူတွေနစ်နာမှာစိုးလို့ စစ်ကောင်စီကိုမတိုက်တာလို့ ပြောတယ်။ ဒါဆိုရင် အခုအချင်းချင်း တိုက်ပွဲတွေ ဖြစ်နေကြတယ်။ တိုက်ပွဲအကြီးအကျယ်သာ မဟုတ်တာပေါ့နော်။ ဟိုအရင်တုန်းကဆို တိုက်ပွဲ အကြီးကြီးတွေဖြစ်ခဲ့တယ်။ အခုမှ တိုက်ပွဲသေးသေးမွှားမွှားလေးတွေ ဖြစ်နေတယ်။ အချင်းချင်းတိုက်ရင်ရော ပြည်သူက မနစ်နာဘူးလားပေါ့။

နောက်တစ်ခု ကျမပြောချင်တာကတော့ အငြိုးတွေပေါ့။ လက်နက်ကိုင် ခေါင်းဆောင်အချင်းချင်းမှာရှိတဲ့ အငြိုးတွေ၊ အမုန်းတရားတွေက ပြည်သူတွေ ၊ လူငယ်တွေဆီကို လက်ဆင့်ကမ်း နေတာမျိုးတွေ ဖြစ်လာတယ်။ အဲဒါတွေက မဖြစ်သင့်ဘူး။ တကယ်တမ်းတော့ ဘုံရန်သူကို ပြည်သူတွေ လူငယ်တွေကို ပြရမဲ့အစား ၊ လူငယ်တွေကို လက်တွဲပြီးတော့မှ ဘုံရန်သူကိုတိုက်ထုတ်ရမဲ့အစား အချင်းချင်း ရန်ဖြစ်ပြနေတဲ့အခါမှာ ကျမတို့ ရှေ့မျိုးဆက်အတွက် ၊ ရှေ့အနာဂတ်အတွက်က အရမ်းကိုစိတ်ပူပန်ရတယ်။

မေး ။ ။ လက်ရှိလူမှုကွန်ရက်တွေပေါ်မှာ သျှမ်းလူမျိုးအချင်းချင်းကြား သွေးခွဲမှုတွေရှိနေကြတဲ့သတင်းကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်ပေးချင်ပါလဲ။

ဖြေ ။ ။ ဘယ်သူပဲဖြစ်ဖြစ် ၊ နိုင်ငံရေးလောကပဲဖြစ်ဖြစ် ၊ ဒီတော်လှန်ရေးထဲကပဲဖြစ်ဖြစ် ၊ အမျိုးသားရေးကို လုပ်တဲ့လူပဲဖြစ်ဖြစ် သိစေချင်တာကတော့ Òငါအဖွဲ့အစည်း ၊ ငါÓ ဆိုတာမျိုးထက် ပြည်သူတွေ၊ အဓိက အဖိနှိပ်ခံ နေရတဲ့ပြည်သူတွေကို ကြည့်စေချင်တယ်။ ပြီးတော့ သျှမ်းအမျိုးသားရေးတွေကို သျှမ်းပြည်အတွက်ဆိုပြီး ပိုပြီးကြည့်စေချင်တယ်။

ငါအဖွဲ့အစည်းအတွက် ၊ ငါအတွက်ဆိုပြီးကြည့်ပြီးတော့မှ Òဒါတော့ငါအဖွဲ့လူ ၊ ဒါတော့နင်အဖွဲ့လူ” သျှမ်းတောင် ၊ သျှမ်းမြောက်မခွဲဘဲနဲ့ ဘယ်မှနေနေ၊ ဘယ်သူပဲနေနေ၊ ဘယ်သူပဲဖြစ်ဖြစ် ၊ သျှမ်းအမျိုးသားရေးအတွက်ပဲ အလုပ်လုပ်တာမျိုး ဖြစ်စေချင်တယ်။ သျှမ်းပြည်သူတွေအတွက် အကုန်လုံးအလုပ်လုပ်စေချင်တယ်။ ဒီလူငယ်တွေ ကလည်း သျှမ်းပြည်သူတွေအတွက် ဘယ်သူကပဲအလုပ်လုပ် ၊ သျှမ်းပြည်သူအတွက် အလုပ်လုပ်ပေးတယ် ဆိုတာမျိုးကို ရိုက်သွင်းပေးစေချင်တယ်။

မေး ။ ။ အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။