ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီးနှင့် ပစ်ခတ်နေတာကြောင့် ကျေးရွာများတွင် ကတုတ်ချင်းများ တူးဖော်ပြင်ဆင်ထားရန် ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA အစိုးရက ညွန်ကြားထားသည်ဟု ဖားကန့်ဒေသခံတို့ ပြောဆိုမှုအရသိရသည်။
ဇန်နဝါရီလကုန်ပိုင်းကစ၍ ဖားကန့်မြို့အပါ ဆန်ခါ၊ ဖားပြင်၊ မမုံ၊ နန့်မှော်၊ ဂွေခါ စသည့် ကျေးရွာများကို တကုတ်ကျင်းများ တူးဖော်ထားကြရန် ကျေးရွာတာဝန်ခံများဆီကတဆင့် ညွန်ကြားထားသလို အော်လံများနှင့်လည်း လိုက်လံပြောဆိုနေကြောင်း ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
“ဖားကန့် တစ်မှော်လုံးပေါ့နော် ကတုတ်ကျင်းတွေတူးဖို့ နှိုးဆော်နေတာတွေ လုပ်နေတယ်။ အရက်ပိုင်းအတွင်းမှာလည်း တခါပြန်နှိုးဆော်တာတွေ ရှိတယ်။ တစ်အိမ်တကျင်း မတူးနိုင်ရင်တောင် နှစ်အိမ်၊ သုံးအိမ်မှာ တစ်ကျင်းတူး ထားဖို့ ပြောဆိုထားတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ၌ အဓိကအားဖြင့် ဖားကန့်ဒေသရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ကျေးရွာတို့တွင်လည်း အုပ်ချုပ်ရေးတာဝန်ရှိသူတို့က ကတုတ်ကျင်းတူးထားကြရန် တစ်အိမ်ပြီးတစ်အိမ် လိုက်လံသတိပေးထားကြောင်း သိရသည်။
ဖားကန့်ဒေသ၌ KIO/KIA ဘက်ကနေ ကတုတ်ကျင်းများ တူးဖော်ထားကြရန် နှိုးဆော်နေသည့်အပေါ် ပြည်သူလူထုတချို့က တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြသည်ဟုလည်း သိရသည်။
စစ်ကောင်စီတပ်က ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း၌ KIA တပ်မဟာ ၉၊ တပ်ရင်း ၆ နှင့် အရပ်သားပြည်သူများရှိသည့် နေရာများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုကို ခပ်စိပ်စိပ် လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဆန်ခါနှင့် မဇွပ်ယန်ကျေးရွာ နှစ်ခုကြားကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်လည်း KIA တပ်မဟာ ၉ နှင့် တပ်ရင်း ၆ ရှိသည့် နေရာဘက်ကို ဂျက်လေယာဉ်နှင့် ၃ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးမှု မရှိသော်လည်း နေအိမ်ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု ဒေသခံတို့ကပြောသည်။
ယင်းအပြင် တပ်မဟာ ၉ နှင့် တပ်ရင်း ၆ နေရာတို့ကို တစ်ပတ်လျှင် ၂ ကြိမ်၊ ၃ ကြိမ် ထက်မနည်း စစ်ကောင်စီတပ်က လေယာဉ်နှင့် လာရောက်ပျံဝဲမှုကို ပုံမှန်လုပ်ဆောင်နေသည်ဟု ဖားကန့်ဒေသခံတို့က ပြောသည်။
ထိုအခြေအနေကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA အနေဖြင့် ဒေသခံတို့၏ အသက်အန္တရာယ် ကာကွယ်နိုင်ဖို့ရန် တစ်အိမ်လျှင် တကုတ်ကျင်းမတူးမနေရနဲ့ ညွန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်ထဲကို လေကြောင်းနှင့် တိုက်ခိုက်မှုအပြင် ဖားကန့် စစ်တပ်ကုန်းကနေလည်း KIA နဲ့ PDF တပ်များ တပ်ချထားသည့် ဂိတ်စခန်းများဘက်ကို ဒရုန်းနှင့် တိုက်ခိုက်မှုတို့ကို ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံတို့က ပြောဆိုကြသည်။
လက်ရှိ၌ ဖားကန့်ဒေသ၏ စစ်ရေးအခြေအနေမှာ တိုက်ပွဲငြိမ်သက်နေပေမယ့် KIA နှင့် PDF တို့ရှိနေသည့် နေရာများတွင် စစ်ရေးလှုပ်ရှားမှုတွေရှိခဲ့ပါက အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်ချေရှိသည်ဟု ပြောဆိုကြသည်။
ဖားကန့်ဒေသတွင် ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းကနေ ၂၀၂၄ မေလဝန်းကျင်အထိ KIA ပူးပေါင်းတပ်တို့က စစ်ကောင်စီတပ် နေရာယူထားသည် တပ်စခန်း ၆ ခုထက်မနည်းကို စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပြီးနောက် ယနေ့အထိ တိုက်ပွဲငြိမ်သက်နေခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်သည် ဖားကန့်ဒေသတစ်ခုလုံးကို ၂၀၂၃ ခုနှစ်မှစ၍ ဖုန်း၊ အင်တာနက်အားလုံးကို ဖြတ်တောက်ထားပြီး ဖားကန့်ဒေသအတွင်း ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်များရရှိရန် ခက်ခဲသွားခြင်းလည်းဖြစ်သည်။
KNG ပေးပို့သည်။