မြိတ်အခြေစိုက် တုံးဗျောကြီးတပ်စခန်း ရှော့တိုက်ဒုံးနှင့် တိုက်ခိုက်ခံရ

By MPM 5 မတ်, 2025 👁 5

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ရှော့တိုက်ဒုံးနှစ်လုံးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖထံက သိရသည်။

ပြီးခဲ့သည့် မတ် ၂ ရက်နေ့ ည ၇ နာရီအချိန်ခန့်က အင်အား ၃၀ ဝန်းကျင်တပ်စွဲထားသည့် တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီ၏ တုံဗျောကြီးတပ်စခန်းကို မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှော့တိုက်ဒုံးနှစ်လုံးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထမင်းစားနေချိန် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ထိခိုက်သေဆုံးမှုအခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ရဲဘော်ဏကြီးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ပြီးနောက် တုံးဗျောကြီးစခန်းမှ လက်နက်ကြီး လက်နက်ငယ်တို့နှင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

ယင်းသို့တိုက်ခိုက်ခဲ့ပြီးနောက်ရက်တွင် မြိတ်ကြေးနန်တိုင်တပ်စခန်းနှင့် တနင်္သာရီမြို့နယ် ဇဝဲအခြေစိုက်တပ်စခန်းတို့မှ စစ်ကောင်စီတပ်သား တစ်ရာဝန်းကျင်သည် တုံးဗျောကြီးတပ်စခန်းသို့ လုံခြုံရေးအင်အားဖြည့်တင်းခြင်း ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်နေသည်ဟု သိရသည်။

လက်ရှိတွင် တုံးဗျောကြီးတပ်စခန်းကို ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများက တုံးဗျောရွာဟောင်းနှင့် သကန်တောင်ပုကျေးရွာဘက်ကို နယ်မြေရှင်းလင်းရေးပုံစံ စစ်ကြောင်းထိုးမည့် အခြေအနေရှိနေပြီး လမ်းကင်းယူခြင်း ကင်းပုန်းဝပ်ခြင်း လုပ်ဆောင်နေသည်ဟု တော်လှန်ရေးအင်အားစုက ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း တနင်္သာရီမြိုနယ်မှ မြိတ်မြို့နယ်ကို ဆင်းလာသော စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။