မြန်မာစစ်ပြေးဒုက္ခသည်များအား ပြန်မပို့ရန် အိန္ဒိယအစိုးရထံ India For Myanmar တောင်းဆို

By MPM 4 မတ်, 2025 👁 5

ပြည်တွင်းပဋိပက္ခဖြစ်စဉ်များကြောင့် အိန္ဒိယနိုင်ငံတွင် ခိုလှုံရောက်ရှိနေကြသော မြန်မာစစ်ပြေးဒုက္ခသည်များကို မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှုမရှိသေးသရွေ့ စစ်ကောင်စီထံပြန်ပို့ခြင်းနှင့် ပြန်ပို့ရန်ခြိမ်းခြောက်မှုများ မပြုလုပ်ရန် အိန္ဒိယအစိုးထံ India For Myanmar က မတ်လ ၄ ရက်နေ့တွင် တောင်းဆိုသည်။

India for Myanmar ဦးဆောင်သူဆလိုင်းဒိုခါရ်က “ဗဟိုအစိုးရက မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံ မလုံခြုံသရွေ့ပြန်မပို့ပါဘူး ဆိုပြီးတော့မှ ပြောထားတာရှိတော့ အဲဒီသူတို့ကတိအတိုင်း သက်ဆိုင်ရာပြည်နယ်အစိုးရက လိုက်လုပ်စေဖို့ မျှော်လင့်တာပေါ့နော်။ အခု ဒေလီအစိုးရကလဲ လွန်ခဲ့တဲ့လပိုင်းက election ရှိတော့ အစိုးရက BJP ဖြစ်လာတဲ့ချိန် refugees တွေအပေါ် တင်းကြပ်တဲ့အခြေအနေ ရောက်သွားတာပေါ့နော်” ဟု ပြောသည်။

ဆက်လက်ပြီး ဆလိုင်းဒိုခါရ်က “နောက် အရင်က မဏိပူရ်ဝန်ကြီးချုပ်ဆိုရင်လဲပဲ refugees တွေကို အမုန်းပွားစေမယ့်စာတွေကို မကြာခဏ တင်ထားတာမျိုးတွေရှိတော့ အမှန်ဆိုရင် ဗဟိုမှာရှိတဲ့ မြန်မာနိုင်ငံသားအပေါ် ထားတဲ့မူဝါဒနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေရဲ့မူဝါဒက ကွဲလွဲမှုရှိနေလို့ ဒါတွေကို တထပ်တည်းကျအောင် ပြင်ဆင်စေချင်တဲ့သဘောနဲ့ တောင်းဆိုတာဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ပြေးဒုက္ခသည်များသည် မီဇိုရမ်ပြည်နယ်အစိုးရနှင့် ပြည်သူများ၏ ကူညီစောင့်ရှောက်မှုများမှလွဲ၍ အခြားပြည်နယ်များရှိ မြန်မာစစ်ပြေးဒုက္ခသည်များသည် ဖမ်းဆီးခံရမှုနှင့် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ခြိမ်းခြောက်ခံရမှုများ ကြုံတွေ့နေကြရသည်ဟု ၎င်းက ဆက်ပြောသည်။

အိန္ဒိယနိုင်ငံတွင် ခိုလှုံနေကြသော မြန်မာစစ်ပြေးဒုက္ခသည်များထဲမှ ၂၅၀ ကျော်သည် မဏိပူရ်နှင့် အာသံပြည်နယ်များတွင် ဖမ်းဆီးထောင်ချခံရပြီး ထိုအထဲမှ ၁၁၅ ဦးခန့်ကို မဏိပူရ်ပြည်နယ်အစိုးရမှ လုံခြုံရေးအာမခံချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီထံ ပြန်ပို့ခဲ့သည့်အပြင် ဖမ်းဆီးခံရသူ ၁ ဦးသည် ထောင်ထဲတွင် အသက်ဆုံးရှုံးခဲ့ရပြီး ယနေ့အထိ တရားမျှတမှုမရရှိသေးကြောင်း India for Myanmar ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဖမ်းဆီးခံမြန်မာနိုင်ငံသားများသည် ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံကြရပြီးဖြစ်သော်လည်း နှစ်ချီ ဆက်လက်ထိန်းသိမ်းခံနေရသည့်အပြင်၊ လွတ်မြောက်ခွင့်မရသေးဘဲ အသက်မလုံခြုံသည့် မြန်မာနိုင်ငံသို့ပြန်ပို့ ရန် မဏိပူရ်နှင့်အာသံပြည်နယ်အစိုးရများ၏ မကြာခဏခြိမ်းခြောက်မှုကို ရင်ဆိုင်နေကြရသည်ဟု India for Myanmar က ဆိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံလာသော မြန်မာ စစ်ပြေးဒုက္ခသည်များသည် ၄ နှစ်ကျော်ကြာလာချိန်တွင် အကူအညီမဲ့နေသည့်အပြင် ပိုမိုကြပ်တည်းသော အခြေအနေသို့ ရောက်ရှိလာနေသည်ဟု India for Myanmar ဦးဆောင်သူက ယခုလို ပြောဆိုသည်။

“အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံသားတွေရော မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို မကူညီနိုင်ရင်တောင်မှ ဒုက္ခသည် တွေအပေါ် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာဖိစီးမှုကို မပေးဘဲနဲ့ ဒီတိုင်းလေးပဲ ထားပေးဖို့ အလိုအပ်ဆုံးပါပဲ။ သူတို့ ကူညီနိုင်ရင်တော့ အကောင်းဆုံးပေါ့” ဟု ဆလိုင်းဒိုခါရ်က ပြောသည်။

လက်ရှိတွင် မဏိပူရ်အကျဉ်းထောင်၌ ထိန်းသိမ်းခံရသော အသက် ၅၀ ကျော် ဦးအောင်မြင့်သည် ကျန်းမာရေးဆိုးရွားလာပြီး အရေးပေါ်ကုသမှုခံယူနေရကြောင်း၊ ထောထဲတွင် ဦးအောင်မြင့်ကဲ့သို့ နာတာရှည်ရောဂါခံစားနေရသူ ၁၀ ဦးထက်မနည်း ရှိနေပြီး ၎င်းတို့၏ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရကြောင်း သိရသည်။

ထို့အပြင် မကြာသေးမီရက်ပိုင်းက နယူးဒေလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းတွင် မြန်မာစစ်ပြေး ဒုက္ခသည်များဝတ်ပြုနေစဉ် နယူးဒေလီရဲတပ်ဖွဲ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးကာ အိန္ဒိယနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် အထောက်အထား သို့မဟုတ် UNHCR မှ ထောက်ပေးသော ဒုက္ခသည်ကတ်မရှိသူများကို ဖမ်းဆီး၊ ထောင်ချ သို့မဟုတ် မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ဝတ်ပြုအစီအစဉ်များကိုလည်း ရပ်တန့်စေခဲ့သည့် ဖြစ်ရပ်များ ကြုံတွေ့နေကြရသည်ဟု သိရသည်။

KMG ပေးပို့သည်။