သီပေါမြို့နယ် MNDAA ထိန်းချုပ် ကျေးရွာအားလုံးနီးပါး လောင်းကစားရုံဖွင့်လှစ်

By MPM 4 မတ်, 2025 👁 6

သျှမ်းပြည်၊ သီပေါမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာများတွင် လောင်းကစားရုံဖွင့်လှစ်မှု သိသိသာသာများပြားလာကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

၂၀၂၅၊ ဇန်နဝါရီလမှ စတင်ပြီး သီပေါမြို့နယ်အရှေ့မြောက်ဘက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကုန်းသာ၊ နောင်အန်၊ ပန်မိတ်နှင့် နမ့်ရမ်း ကျေးရွာအုပ်စုရှိ ကျေးရွာတိုင်းနီးပါးတွင် MNDAA တပ်ဖွဲ့ဝင်များက ဦးဆောင်ကာ လောင်းကစားရုံ လိုက်လံဖွင့်လှစ်နေကြောင်း ဒေသခံများက ပြောသည်။

“အခုက ကိုးကန့်တပ်ထိန်းထားတဲ့ရွာတွေမှာ လောင်းကစားရုံတွေ တစ်ရွာပြီးတစ်ရွာ လိုက်ဖွင့်နေတာ။ စစ်သားတွေကိုယ်တိုင် နေရာလာရှာပြီးတော့ လောင်းကစားရုံဖွင့်ဖို့ အိမ်လာငှားကြတာ။ ကုန်းသာရွာဘက်ကနေစပြီးတော့ ပန်ညုရွာဘက်အထိ ရွာတိုင်းနီးပါး လောင်းကစားရုံဖွင့်ထားပြီ” ဟု သီပေါဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယမန်နှစ် ၂၀၂၄ ဩဂုတ်လတွင် နောင်ကော်ကြီးရွာအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ- (၁၄၇) ကို ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် (၆) လအတွင်း သီပေါမြို့နယ် အရှေ့မြောက်ဘက်ရှိ ကျေးရွာတိုင်းနီးပါး၌ လောင်းကစားရုံများ ဖွင့်လှစ်လာခြင်းဖြစ်သည်။

ကိုးကန့်တပ်ဖွဲ့က တရုတ်နှစ်သစ်ကူးပွဲ အကြောင်းပြကာ ယင်းကာလမတိုင်ခင်ကတည်းက ကုန်းသာ၊ နောင်အန်၊ ပန်ညုစသည့် ရွာကြီးများတွင် ဂုံးဂင်း (လောင်းကစား) ဝိုင်းများ ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်ထိ ပိတ်သိမ်းခြင်းမရှိသေးကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ထို့အပြင် ကိုးကန့်တပ်သားများက နမ့်ရမ်းကျေးရွာအုပ်စုထဲရှိ ကျေးရွာများတွင် လောင်းကစားဝိုင်း ထပ်မံဖွင့်လှစ်ရန် နေရာလာရောက် ရှာဖွေနေကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲဖြစ်ပြီးတာ မကြာသေးဘူး၊ အခု ဂုံးဂင်းဝိုင်းလိုလောင်းကစားတွေပါ ရောက်လာတော့ ရွာသားတွေ အကျင့်ပျက်ပြီး မွဲကုန်ကြတော့မှာ။ လောင်းကစားလုပ်တဲ့လူက စစ်သားတွေဆီအကြွေးတင်ပြီးရင် နောက်ပိုင်း သူတို့က အိမ်တွေခြံတွေ သိမ်းတဲ့အထိဖြစ်လာမှာ။ လောင်းကစားရှိရင်တော့ ထုံးစံအတိုင်း သူခိုးဓားပြပေါလာမယ်၊ သားမယားလည်း ဒုက္ခရောက်မယ်” ဟု သီပေါဒေသခံ အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

အလားတူ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် မတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ တစ်ပတ်ကြာ ကျင်းပမည့် မန်ဆူဘုရားတပေါင်းပွဲကို အကြောင်းပြကာ မြို့လယ်ခေါင်တွင် လောင်းကစားဝိုင်းများ ထပ်မံ ဖွင့်လှစ်ခွင့်ပြုမည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်တွင် သီပေါမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် နားမခေါ်ကျေးရွာ အနောက်ဘက်ခြမ်းတွင် အမည်၊ နေရပ် မသိရသည့် မိန်းကလေးငယ် ၃ ဦး အဝတ်အစားမပါဘဲ အသတ်ခံထားရကာ အလောင်းကိုလည်း စွန့်ပစ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းတွင် သီပေါမြို့ပေါ်ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး သီပေါမြို့ အရှေ့မြောက်ဘက် နမ့်လန်နှင့် မိုင်းရယ်အကြား ကားလမ်းမတလျှောက် ကျေးရွာများကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိန်းချုပ်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။