လွိုင်ကော်မြို့ရှိ ကျောင်းနှင့် ဌာနဆိုင်ရာအဆောက်အအုံများ လုံခြုံရေးအတွက် စစ်ကောင်စီက ပြည်သူ့စစ်များကို ကင်းစောင့်တာဝန်ချ

By MPM 3 မတ်, 2025 👁 5

လွိုင်ကော်မြို့တွင်းက နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်အပါအဝင် အခြေခံပညာ စာသင်ကျောင်းများနှင့် အခြားသော ဌာနဆိုင်ရာရုံးများ လုံခြုံရေးအတွက် လွိုင်ကော်ဒေသခံတိုနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်များကို စစ်ကောင်စီက ကင်းစောင့်တာဝန်ပေးထားသည်ဟု ဒေသခံများက ပြောဆိုသည်။

ပြည်သူ့စစ်များကို တစ်လေးလုံးစစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီက လွိုင်ကော်မြို့အတွင်း၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အများစုသည် လွိုင်ကော်မြို့ခံများနှင့် စစ်တပ်ထောက်ခံသူများ ပါဝင်သည်ဟု သိရသည်။

ဒေသခံတစ်ဦးက “GTC (နည်းပညာတက္ကသိုလ်) မှာ စောင့်ခိုင်းထားတယ်လို့ ကြားတယ်။ အဲ့ဖက်ကြ မသွားဖြစ်လို့၊ နောက်ရပ်ကွက်ထဲလည်း ကင်းစောင့်ဖို့ဆိုပြီး ပိုက်ဆံ ငါးထောင်ကောက်သေးတယ်” ဟု ပြောသည်။

ငွေကြေး ၅ ထောင်ကျပ် ကောက်ခံမှုက လွိုင်ကော်မြို့ပေါ်က ဒေါတမရပ်ကွက်ရုံးကို ကင်းစောင့်ဖို့ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကတည်းက ကောက်ခံခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

မပေးနိုင်ပါက ကင်းစောင့်ရန် တာဝန်ယူရမည်ဟု ပြောဆိုထားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

“တစ်လေးလုံးပြီးတော့ မထွက်ပြေးတဲ့သူတွေ ဝင်ကြတာ။ အချို့က ဝင်ငွေမရှိတော့လို့၊ အချို့က ခိုးမှု၊ ဆေးမှုတွေက လွှတ်အောင်လို့ ကိုယ့်ဘာသာကို ဝင်ကြတာရှိသလို ခြိမ်းခြောက်ခံရလို့ ဝင်ရသူတွေလည်းရှိတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် မြို့ခံများ၏ နေအိမ်တို့ကိုဖောက်ထွင်းကာ ပစ္စည်းခိုးယူသူလည်း များပြားနေပြီး ထိုသူများသည် စစ်ကောင်စီတပ်သားများနှင့် အချိတ်အဆက်ပြုလုပ်၍ ရပ်ကွက်အတွင်း သွားလာနေကြခြင်းလည်းဖြစ်သည်။

လက်ရှိတွင် ပြည်သူ့စစ်တစ်ဦးသည် တစ်လလျှင် လစာကို တစ်သိန်းရှစ်သောင်းမှ ၃ သိန်းအထိ ရရှိကြပြီး မြို့ပေါ်ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အပေါင်းအပါတို့က ပြည်သူ့စစ်တပ်ဖွဲ့ထဲ ဝင်ရောက်ကြရန် တိုက်တွန်းမှုရှိနေကြောင်း မြို့ခံများက ပြောဆိုသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။