28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“တရားဥပဒေစိုးမိုးရေး အဆင်မပြေရင်၊ လုပ်ငန်းတွေကိုထိရောက်တဲ့ စနစ်တကျမဆောင်ရွက်နိုင်ဘူးဆိုရင် ကျနော်တို့ရဲ့တော်လှန်ရေးက စကစကို နိုင်ရင်တောင်မှ ကျနော်တို့ဟာကျဆုံးမှာပဲဖြစ်တယ်။ ဘာလို့လဲဆိုရင် ပြည်သူတွေကြားမှာ ဖရိုဖရဲဖြစ်သွားမယ်” ဝန်ကြီး...

“တရားဥပဒေစိုးမိုးရေး အဆင်မပြေရင်၊ လုပ်ငန်းတွေကိုထိရောက်တဲ့ စနစ်တကျမဆောင်ရွက်နိုင်ဘူးဆိုရင် ကျနော်တို့ရဲ့တော်လှန်ရေးက စကစကို နိုင်ရင်တောင်မှ ကျနော်တို့ဟာကျဆုံးမှာပဲဖြစ်တယ်။ ဘာလို့လဲဆိုရင် ပြည်သူတွေကြားမှာ ဖရိုဖရဲဖြစ်သွားမယ်” ဝန်ကြီး Pu Robin – ပြည်ထဲရေးဝန်ကြီးဌာန / ချင်းပြည်အစိုးရအဖွဲ့

ချင်းပြည်အစိုးရအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၏ တစ်နှစ်တာအတွင်း တရားဥပဒေစိုးမိုးရေး၊ ရဲတပ်ဖွဲ့ ဖွဲ့စည်းရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စသည့် လုပ်ငန်းဆောင်ရွက်ချက်၊ အခက်အခဲစိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး ဌာနဝန်ကြီး Pu Robin နှင့် ဆက်သွယ်မေးမြန်းချက်။

တော်လှန်ရေးကာလ ချင်းပြည်ကိုဦးဆောင်မည့် ချင်းပြည်အစိုးရအဖွဲ့ကို ၀န်ကြီးဌာန ၁၅ ခုဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့က ချင်းလဲန်းကောင်စီ (CC) က ဖွဲ့စည်းခဲ့သည်မှာ ယခုဆိုလျှင် တစ်နှစ်ကျော် ရှိလာပြီ ဖြစ်သည်။

အဆိုပါဝန်ကြီးဌာနများအနက် ပြည်ထဲရေးဝန်ကြီးဌာန၏ တစ်နှစ်တာအတွင်း တရားဥပဒေ စိုးမိုးရေး၊ ရဲတပ်ဖွဲ့ ဖွဲ့စည်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစသည့် လုပ်ငန်းဆောင်ရွက်ချက်၊ အခက်အခဲစိန်ခေါ်မှုများအား သိရှိနိုင်ရန် ချင်းပြည်အစိုးရအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Pu Robin ကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ ချင်းပြည်အစိုးရဖွဲ့စည်းတည်ထောင်အပြီး ၁ နှစ်အကြာမှာ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဘာတွေ လုပ်ဆောင်ခဲ့ပါလဲ။ ဘာတွေအောင်မြင်မှု ရှိထားပါလဲ။

ဖြေ။ ။ ချင်းပြည်အစိုးရတည်ထောင်တာ ၁ နှစ်ပြည့်တဲ့အချိန်မှာ ကျနော်တို့ဟာ ကိုယ်ပိုင်ဥပဒေပြုပြီး ဖွဲ့စည်းရတဲ့အစိုးရ ဖြစ်ပါတယ်။ အစိုးရဆိုတာ ဥပဒေနဲ့ပဲ အလုပ်လုပ်ရတာဖြစ်တဲ့အတွက် ဥပဒေတွေကို စပြီးတော့ ရေးဆွဲပါတယ်။ ဥပဒေရေးဆိုတာမှာ ကိုယ့်သဘောနဲ့ကိုယ်၊ အာဏာရှင်လို ရေးဆွဲလို့မရတဲ့အတွက် ပြည်သူတွေကို ကွင်းဆင်းပြီး စည်းရုံးတာတွေလုပ်တယ်။ ရှင်းပြတာတွေလုပ်တယ်။ ပြီးရင် ခေါင်းဆောင်ပိုင်းတွေပါဝင်တဲ့ workshop တွေကို သုံး/လေးကြိမ် ပြုလုပ်ခဲ့တယ်။

ပြီးတော့ ဒေသစုံကပါဝင်တဲ့ ကိုယ်စားလှယ်တွေ၊ ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဥပဒေကြမ်းကော်မတီကနေ ဖြတ်သန်းပြီးတော့ ရေးဆွဲတယ်။ နောက်ပြီးတော့ လွှတ်တော်ကိုဖြတ်သန်းတယ်။ အဲဒီကနေ ဥပဒေတွေ ဖြစ်လာတဲ့အခါမှာ အဲဒီဥပဒေနဲ့အညီ လုပ်ငန်းကို စတင်အကောင်အထည်ဖော်ရတာ ဖြစ်တဲ့အတွက် တစ်နှစ်တာမှာတော့ အဲဒါတွေပဲလုပ်ဖြစ်ပါတယ်။

မေး။ ။ အခုလက်ရှိမှာ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဘာတွေဆောင်ရွက်နေပါလဲ။

ဖြေ။ ။ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ အသင်းအဖွဲ့ဥပဒေတွေ ရေးဆွဲပြီး အသင်းအဖွဲ့တွေ မှတ်ပုံတင်ဖို့နဲ့ ဒီအသင်းအဖွဲ့တွေက ချင်းလဲန်းကောင်စီစိုးမိုးနယ်မြေထဲမှာ တရားဝင်လုပ်ဆောင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ နံပါတ် ၂ ကတော့ ရဲတပ်ဖွဲ့တွေကိုဖွဲ့စည်းနိုင်ဖို့အတွက် Workshop တွေ လုပ်ပါတယ်။ CDM ရဲတပ်သားတွေကို ဦးစားပေးပြီးတော့ပေါ့နော်။ ဘယ်နည်းဘယ်ပုံသွားကြမလဲ၊ ဘယ်လိုခံယူချက်နဲ့ သွားကြမလဲ၊ ဘယ်လိုပုံစံနဲ့ သွားကြမလဲဆိုတာ ဆွေးနွေးပွဲတွေ လုပ်ပါတယ်။ အဲဒီအတိုင်း ဒေသတွေကို ကျနော်တို့ကအကြံပြုတယ်။

အဲဒီဆုံးဖြတ်ချက်တွေနဲ့အညီ ရဲတပ်ဖွဲ့တွေဖွဲ့စည်းဖို့ ဒေသတွေအကုန်လုံးကိုပြောကြားပြီးတော့ ဒေသတွေမှာ ဒေသန္တရရဲတပ်ဖွဲ့တွေ ဖွဲ့စည်းဖို့လည်း ညွှန်ကြားထားတာရှိသလို မဖွဲ့စည်းနိုင်တဲ့ ဒေသတွေလည်း ကျန်နေပါ သေးတယ်။ ချင်းလဲန်းမှာ ဒေသန္တရတွေအားလုံးကိုပြန်ပြီး ရဲလုပ်ငန်းနဲ့ပတ်သက်လို့ သင်တန်းတွေပေးဖို့အတွက် ကျွမ်းကျင်ဝန်ထမ်းတွေ ခန့်ထားပါတယ်။ CDM ရဲမှူးတွေကိုလည်း ခန့်ထားတာရှိပါတယ်။ သူတို့တွေနဲ့ ကျနော်တို့ ဘဏ္ဍာရေးအခြေအနေတွေ အဆင်ပြေလာမယ်ဆိုရင် ရဲတပ်ဖွဲ့တွေကိုခေါ်ပြီးတော့ ရဲလုပ်ထုံးလုပ်နည်းတွေ၊ ရဲလုပ်ပိုင်ခွင့်၊ ရဲအရေးပိုင်၊ ရဲအရေးမပိုင် ဆိုတာတွေကို သင်တန်းပေးနိုင်ဖို့ ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

မေး။ ။ ချင်းပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနရဲ့လုပ်ငန်း ဘယ်လိုမျိုးလည်ပတ်နေပါလဲ။ ပြည်သူတွေကို ဘယ်လိုဝန်ဆောင်မှုပေးဖို့ ပြင်ဆင်နေပါလဲ။

ဖြေ။ ။ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့က ပထမက အုပ်ချုပ်ရေး၊ ဒုတိယက ရဲတပ်ဖွဲ့၊ တတိယက အသင်းအဖွဲ့ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့မှာကတော့ အကျဉ်းဦးစီးတွေလည်း ပါဝင်လာတယ်။

မေး။ ။ တော်လှန်ရေးကာလအတွင်း ချင်းပြည်ရဲ့ လက်ရှိတရားဥပဒေစိုးမိုးမှုအခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ချင်းပြည်ရဲ့တရားဥပဒေစိုးမိုးမှုက ဘယ်အစိုးရပဲတက်သည်ဖြစ်စေ ပြသနာဆိုတာ အမြဲတမ်း ရှိနေပါ တယ်။ ဒီပြသနာတွေကိုဖြေရှင်းနိုင်ဖို့ ရဲတပ်ဖွဲ့တွေဖွဲ့စည်းပြီး လုပ်ဆောင်နေတာရှိတယ်။ ဒါပေမယ့် နိုင်ငံပျက်စီးနေတဲ့အချိန်မှာ တော်လှန်ရေးကာလ လုပ်ရတဲ့အချိန်မှာ ဟိုဘက်ကလည်း မစိုးမိုး၊ ဒီဘက်ကလည်း မစိုးမိုးနဲ့ ကြားနေကာလတွေဖြစ်တဲ့အခါမှာ ပြည်သူတွေကို ထိခိုက်စေမယ့် တရားမဝင် မူးယစ်းဆေးဝါး လုပ်တာမျိုးတွေက လက်လှမ်းမမှီတာတွေ အများကြီးရှိနေတယ်။ တချို့တဝက်ကိုပဲ ကျနော်တို့ဖမ်းမိတာ၊ ထိန်းသိမ်းနိုင်တာ ရှိပါတယ်။

မေး။ ။ အဲဒါတွေကို ဘယ်လိုမျိုးဖြေရှင်းဆောင်ရွက်ဖို့ရှိပါလဲ။

ဖြေ။ ။ တရားဥပဒေစိုးမိုးရေးက အင်မတန်မှအရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးရေး အဆင်မပြေရင်၊ လုပ်ငန်းတွေကိုထိရောက်တဲ့ စနစ်တကျမဆောင်ရွက်နိုင်ဘူးဆိုရင် ကျနော်တို့ရဲ့တော်လှန်ရေးက စကစကို နိုင်ရင်တောင်မှ ကျနော်တို့ဟာကျဆုံးမှာပဲဖြစ်တယ်။ ဘာလို့လဲဆိုရင် ပြည်သူတွေကြားမှာ ဖရိုဖရဲဖြစ်သွားမယ်။ ဥပဒေစိုးမိုးမှုတွေ ကင်းကွာသွားမယ်။ မူးယစ်ဆေးဝါးတွေ လက်လွတ်စပယ်ရောင်းဝယ်လာမယ်။ တရားဥပဒေ ကင်းမဲ့သွားမယ်ဆိုရင် ချင်းပြည်၊ ချင်းလဲန်းဟာဆိုရင် စကစကိုနိုင်ရင်တောင်မှ ပြိုကွဲပျက်စီးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဟာကို စည်းရုံးခြင်း၊ ပညာပေးခြင်း၊ ဆွေးနွေးပွဲတွေလုပ်ခြင်း၊ ဥပဒေလမ်းကြောင်းနဲ့အညီ လုပ်နိုင်ဖို့ အားသွန်ခွန်စိုက်လုပ်ဆောင်နေပါတယ်။

ကျနော်တို့အခက်အခဲက ဘဏ္ဍာရေးအခက်အခဲပါ။ တော်လှန်ရေးကာလမှာ လက်နက်ခဲယမ်းတွေရဲ့ တန်ဖိုး အရမ်းဈေးကြီးပါတယ်။ ဒီလိုအခြေအနေမှာ ဥပဒေတွေကို ပညာပေးဖို့၊ ဥပဒေကျွမ်းကျင်သူတွေကို ထောက်ပံ့ကြေး တွေ ပေးဖို့ဆိုတာ ကျနော်တို့အနေနဲ့က၊ ချင်းလဲန်းအစိုးရဟာ မူးယစ်ဆေးဝါးတို့၊ လောင်းကစား တို့နဲ့ကင်းပြီး သန့်သန့်ရှင်းရှင်းနဲ့ရပ်တည်ဖို့ ကြိုးစားတဲ့ အစိုးရတရပ်ဖြစ်ပါတယ်။ အဲလိုအခါမှာ ငွေကြေးရရှိမှု ကလည်း တော်တော်လေးခက်ခဲပါတယ်။ ဒါကြောင့် ဒီလိုဝန်ထမ်းတွေကို ထောက်ပံ့ကြေးတွေ မပေးနိုင်တာ၊ ပညာပေးမှု တွေ မလုပ်နိုင်တာဟာ တော်တော်လေးလစ်ဟာနေတဲ့ အချက်ဖြစ်ပါတယ်။

မေး။ ။ ချင်းပြည်အစိုးရရဲ့ရဲတပ်ဖွဲ့ကို တည်ထောင်နေမှုအကြောင်း သိချင်ပါတယ်။ မြို့နယ်နဲ့ ဒေသရဲတပ်ဖွဲ့ ဘယ်နှစ်ခု တည်ထောင်ထားပါပြီလဲ။ ဘယ်လောက်ဖွဲ့ဖို့ ကျန်နေသေးပါလဲ။

ဖြေ။ ။ လောလောဆယ် ချင်းပြည်ချင်းလဲန်းမှာပါဝင်တဲ့ ဒေသန္တရအစိုးရက ၁၇ ဖွဲ့ရှိလာပြီ။ အဲဒီအဖွဲ့ထဲမှာ နောက်ဆုံးမှ ဝင်လာတဲ့အဖွဲ့တွေဟာဆိုရင် တော်တော်လေးအခက်အခဲ ဖြစ်နေပါတယ်။ သူတို့တွေဟာဆိုရင် ဝင်ခါစပဲဖြစ်ပြီးတော့ ဖွဲ့စည်းရပ်တည်မှုမှာ သူတို့မှာအခက်အခဲတွေ အများကြီးရှိနေတဲ့အတွက် ရဲတပ်ဖွဲ့မဖွဲ့သေး နိုင်တာက ၇ ဖွဲ့ရှိပါတယ်။ ဖွဲ့စည်းပြီးသားက ၁၀ ဖွဲ့ရှိပါတယ်။ အဲ ၁၀ ဖွဲ့ထဲမှာမှ ပိုကျစ်စွာဖွဲ့စည်းနိုင်တာက ၅ ဖွဲ့၊ ၆ ဖွဲ့ ဖြစ်ပြီးတော့ ကျန်အဖွဲ့တွေက စတင်ဖွဲ့စည်းပြီး ကျနော်တို့ သင်တန်းပေးပို့၊ ပညာပေးဖို့ စောင့်နေတဲ့ ဒေသတွေဟာဆိုရင် ၃ ခု၊ ၄ ခု ရှိနေပါတယ်။

မေး။ ။ ရဲတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်မှုမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရပါလဲ။

ဖြေ။ ။ ကျနော်တို့ဒေသအားလုံးကို ရဲတပ်ဖွဲ့တွေဖွဲ့ပါ။ တရားရုံးတွေက ဆုံးဖြတ်လာတဲ့အချိန်မှာ ရဲတပ်ဖွဲ့တွေ အနေနဲ့ ပါဝင်ဆောင်ရွက်မှုက လိုအပ်နေတဲ့အတွက် ဒေသတိုင်းမှာ ရဲတပ်ဖွဲ့ ဖွဲ့စည်းပါဆိုတာကို အစည်းအဝေး တွေမှာ မှာကြားခဲ့ပါတယ်။ အဲ workshop (အစည်းအဝေး) လုပ်တော့လည်း ဒေသ ၂ခု ၊ ၃ ခုက မဝင်ရသေးပါဘူး။ အဲဒါကြောင့် Workshop ပြန်လုပ်ဖို့လိုတယ်။ ခုချိန်မှာ ဒေသန္တရအဖွဲ့တွေမှာ သွားရေးလာရေးလိုအပ်သလို၊ စာရွက် စာတမ်းတွေ၊ ရဲလုပ်ထုံးလုပ်ငန်းတွေ၊ မူခင်းစစ်တာတွေ၊ တရားရုံးက တာဝန်ပေးလာရင် ရဲအရေးပိုင်နဲ့ ရဲအရေး မပိုင်တာတွေကို ခွဲခြားသိဖို့က ပညာပေးဖို့လိုအပ်နေပါတယ်။ ဒါကြောင့် ဘဏ္ဍာရေးအခက်အခဲတွေ အများကြီးရှိတယ်။

ဒေသ ၁၇ ခုက လာမယ့်လူတွေရဲ့စားရိတ်တွေ၊ သွားလာစရိတ်တွေက ကုန်ကျစရိတ်များတယ်။ ဒီသင်တန်းတွေ ကောင်းကောင်းပေးနိုင်မှ သူတို့လုပ်ဆောင်ရမယ့် ဥပဒေစိုးမိုးရေးလုပ်ငန်းကို စနစ်တကျလုပ်ဆောင်နိုင်မယ်။ အစိုးရရဲ့ ရသုံးတွေမှာဖြစ်စေ၊ ရှေ့လုပ်ငန်းတွေမှာဖြစ်စေ ထည့်ရေးထားပေမယ့် ဘဏ္ဍာရေးအခြေအနေပေါ်မှာ မူတည်ပြီးတော့ ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။ လူသားအရင်းအမြစ်မှာက ရဲ CDM တွေက တော်တော်များတယ် ဆိုတော့ လုပ်ပေးနိုင်တဲ့လူတွေက ရှိပါတယ်။ နိုင်ငံခြားကလာတဲ့ ကိုယ်စားလှယ်တွေ၊ လမ်းညွန်ပေးနိုင်သူတွေ ရှိရင်လည်း သင်တန်းတွေဖော်ဆောင်တဲ့အချိန်မှာ နိုင်ငံတကာအဆင့်အထိပို့ချပေးနိုင်တဲ့ လူတွေရှိရင်လည်း ကျနော်တို့အနေနဲ့ အားရဝမ်သာစွာနဲ့ ဖိတ်ခေါ်လိုပါတယ်။

မေး။ ။ တော်လှန်ရေးကာလမှာ ချင်းပြည်အစိုးရရဲ့ ရဲတပ်ဖွဲ့ကို တည်ထောင်နေမှုမှာ ပြည်သူတွေက ဘယ်လိုပုံစံမျိုးနဲ့ မြင်တွေ့ရမှာပါလဲ။ ချင်းပြည်ရဲတပ်ဖွဲ့ရဲ့ပုံရိပ်ကို ဘယ်လိုဖော်ဆောင်ဖို့ကြိုးပမ်းနေပါလဲ။

ဖြေ။ ။ ရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံမှာက လာဘ်ပေးလာဘ်ယူလုပ်တတ်တဲ့အဖွဲ့လို့ပဲ မြင်ကြပါတယ်။ ဥပဒေကို အသုံးချပြီးတော့ လိမ်တတ်တဲ့လူတွေလို့ပဲ မြင်တယ်။ ကျနော်မြင်သလို၊ အများလည်းမြင်ကြမယ်လို့ ယူဆတယ်။ ဒါကြောင့် ရိုးရိုးသားသားနဲ့ အဂတိအနည်းဆုံးအထိ ကင်းစင်ပြီးတော့ တရားဥပဒေစိုးမိုးရေးကို တန်ဖိုးထားတတ် တဲ့ ရဲတပ်ဖွဲ့အဖြစ် ပြည်သူတွေမြင်တွေ့စေလိုတဲ့ဆန္ဒ ကျနော်မှာရှိပါတယ်။

မေး။ ။ အုပ်ချုပ်ရေးကဏ္ဍ အကောင်အထည်ဖော်နေမှုအပိုင်းကိုလည်း သိချင်ပါတယ်။

ဖြေ။ ။ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးစတင်တဲ့အခါမှာ ဒေသအသီးသီးကနေ သူတို့ဒေသမှာ မတရားမှုကိုမကျေနပ်တဲ့ လူတွေကစုဖွဲ့ပြီးတော့ CDF ဆိုပြီးတော့ ဒေသအလိုက်၊ ပေါ်ထွန်းလာတဲ့အခါမှာ အဲဒီအချိန်မှာပဲ စကစကလည်း နောက်ကိုဆုတ်သွားတယ်ဆိုတော့ စကစကလည်း မအုပ်ချုပ်၊ ဒေသတွေကလည်း မအုပ်ချုပ်နဲ့ ဒေသအုပ်ချုပ်ရေး ပျက်ပြားသွားတဲ့အခြေအနေမှာ ဒေသအလိုက်ပေါ်ပေါက်လာတဲ့ CDF တွေက အုပ်ချုပ်ရေးကိုပါတွဲပြီးတော့ လူကြီးတွေနဲ့ညှိနှိုင်းပြီး ဖော်ဆောင်လာတယ်။ ဒေသအလိုက်အုပ်ချုပ်ရေး အသီးသီး ပေါ်လာတယ်လို့ပြောရမယ်။ တဒေသနဲ့တဒေသ ချိတ်ဆက်မှုမရှိဘူး။ ချင်းလဲန်းဒေသတခုလုံးအနေနဲ့ အုပ်ချုပ်ရေး မရှိဘူး။ အဲလိုကနေစတင်ခဲ့တယ်ဆိုတဲ့ အခြေခံအကြောင်းတရားကို အရင်းစဉ်းစားဖို့လိုပါတယ်။

အဲဒီနောက်မှာ လူကြီးတွေက အားလုံးပေါင်းပြီးတော့ ချင်းလဲန်းဆိုတာတည်ဆောက်ရမယ်၊ အုပ်ချုပ်ရေး စနစ်တကျရှိအောင် ဖော်ဆောင်ရမယ်ဆိုပြီး ၂၀၂၃ ချင်းအခြေခံဥပဒေပေါ်လာပြီးနောက်ပိုင်းမှာ CC ကနေ သူ့အောက်မှာမဏ္ဍိုင်ကြီး ၃ ရပ်၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ဆိုပြီးဖွဲ့စည်းနိုင်ခဲ့တယ်။ စစချင်းမှာ ချင်းလဲန်းကောင်စီ မပေါ်ခင်မှာ ဒေသအလိုက် ၊ မြို့နယ်အလိုက် အုပ်ချုပ်ရေးတွေကစပြီးတော့ ဖြစ်ခဲ့တာတွေက ဒီနေ့အထိ ဖြစ်နေ ဆဲပါ။ ချင်းလန်းကောင်စီက တနှစ်ပေါ်လာပြီးချိန်မှာ အားလုံးမစုစည်းသေးဘူးလားဆိုတော့ သဘောတရားတော့ စုစည်းပါတယ်။

အစိုးရတရပ်ဆိုတာ ဥပဒေနဲ့ အလုပ်လုပ်ရတာဖြစ်တဲ့အတွက် စစချင်းမှာ ရုံးလည်ပတ်အောင် ရုံးဆောက်တာ၊ ဝန်ထမ်းခေါ်တာ လုပ်ရတာနဲ့ ၃ /၄ လက အချိန်ကုန်သွားတယ်။ အခုချိန်မှာ ချင်းလဲန်းအစိုးရရဲ့ ၂၀၂၃ အခြေခံ ဥပဒေကရှိနေပြီဖြစ်ပေမယ့် ဒေသန္တရနဲ့ အစိုးရချိတ်ဆက်ရမယ့် ဥပဒေ၊ ဒေသန္တရအုပ်ချုပ်ရေးဥပဒေကတော့ လွှတ်တော်ဆီကိုရောက်တဲ့အဆင့်ပဲ ရှိပါသေးတယ်။ အတည်မပြုနိုင်သေးပါဘူး။ အဲဒါအတည်ပြုနိုင်မှ အဲဒီဥပဒေနဲ့ အညီ နည်းဥပဒေတွေဆက်လက်ဖော်ဆောင်ပြီးတော့ ချိတ်ဆက်လုပ်ဆောင်မှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးဥပဒေ ဟာဆိုရင် မကြာခင်မှာပေါ်လာပြီးတော့ အရင်ကတော့ နားလည်မှုနဲ့ဖြစ်ပြီးတော့ နောက်ပိုင်းမှာ တရားဝင်အနေနဲ့ ဆက်သွားမှာဖြစ်ပါတယ်။

မေး။ ။ UNODC က ချင်းပြည်နယ်မှာဘိန်းစိုက်ပျိုးမှုက ၂၀၂၄ မှာ ၁၈ ရာခိုင်နှုန်းမြင့်တက်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ချင်းပြည်မှာ ဘိန်းစိုက်ခင်းတွေက ဘာကြောင့်တိုးလာလဲ။ ဒါတွေကို ဘယ်လိုကိုင်တွယ် သွားဖို့ ရှိပါလဲခင်ဗျာ။

ဖြေ။ ။ ချင်းပြည်အစိုးရအနေနဲ့ မူးယစ်ဆေးဝါးဖြစ်စေ၊ လောင်းကစားဖြစ်စေ တရားမဝင်မှုတွေနဲ့ ငွေရှာမှု အားလုံးကို ကန့်ကွက်တယ်။ စောစောကပြောသလို ဥပဒေက အတည်မဖြစ်သေးဘူး။ ဘိန်းစိုက်ပျိုးမှုတွေ တိုးပွားလာတယ်ဆိုတာ အမှန်ဖြစ်ပါတယ်။ ကျနော်တို့လည်း ကြားသိနေရပါတယ်။ ဒီလိုခေတ်ပျက်နေချိန်မှာ မကောင်းတဲ့လုပ်ငန်းတွေ ကြီးထွားတယ်ဆိုတာ ဒါဟာအမှန်ပါ၊ ငြင်းစရာ မရှိပါဘူး။

အစိုးရအနေနဲ့က တရားဝင် ဖြစ်လာတဲ့အခါမှာ ဘယ်လိုနည်းနဲ့အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမလဲ ဒီလိုမူးယစ်ဆေးဝါးစိုက်ပျိုးမှု တွေဟာ ကျနော်တို့ပြည်ရဲ့ ကြီးမားတဲ့ပျက်စီးရာ လမ်းကြောင်းတခုဖြစ်ပါတယ်။ ကျနော်တို့ ဒါကို လုံးဝဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့၊ နားလည်တတ်ကျွမ်းသူတွေနဲ့လည်း ချိတ်ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့ အခုကတည်းက ဆောင်ရွက်နေပါတယ်။

မေး။ ။ ပြည်ထဲရေးဝန်ကြီးဌာနမှာ အနာဂါတ်စီမံကိန်းတွေအနေနဲ့ ဘာတွေချမှတ်ပြီးဆောင်ရွက်နေပါလဲ။

ဖြေ။ ။ ချင်းလဲန်းအစိုးရက ၂ နှစ်ပဲ သက်တမ်းဖြစ်ပါတယ်။ အခုက ၁ နှစ်သက်တမ်းကုန်သွားပြီးဆိုတော့ နောက်ထပ် ၁ နှစ်ပဲ ကျန်ပါတော့တယ်။ ဖြစ်စေချင်တာက ကျစ်လစ်တိကျပြီးတော့ စနစ်ကျတဲ့အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ဖို့က အဓိကကျပါတယ်။ ကျနော်တို့တော်လှန်ရေးက ကံကောင်းရင် ၁ ရက်၊ ၂ ရက်နဲ့လည်း ပြီးသွား နိုင်တယ်။ ကံမကောင်းရင်တော့ ၃ / ၄/ ၅ နှစ်လည်း ကြာနိုင်တာပေါ့နော်၊၊ ဒါပေမယ့် အုပ်ချုပ်ရေးစနစ် တည်ထောင်တဲ့အခါမှာ ကျနော်တို့လိုဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေစတဲ့ အကွဲအပြားများပြားလှတဲ့ ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးတည်ထောင်ဖို့ဆိုတာ အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ ဒီဟာကို ကျော်လွှားနိုင်မှသာလျှင် တကယ့်ချင်းလဲန်းတည်ဆောက်မှုဆိုတာ ဖြစ်လာမှာဖြစ်ပါတယ်။

ကျနော်တို့ စကစကို နိုင်ယုံနဲ့ ချင်းလဲန်းကြီး ဖြစ်မလာနိုင်ပါဘူး။ စနစ်ကျတဲ့အုပ်ချုပ်ရေးစနစ် ကောင်းကောင်းဖြစ် လာမှ ရှေ့ဆက်ပြီးတချိန်လုံးသွားရမယ့် အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်တာဖြစ်တဲ့အတွက် ဒါတွေကို အခြေခံ ကျကျလေး၊ စနစ်တကျဖော်ဆောင်ဖို့အတွက် ပြည်သူတွေ၊ ဒေသဆိုင်ရာအကြီးအကဲတွေ အားလုံးက နားလည် သဘောပေါက်ပြီး အကောင်းဆုံး အုပ်ချုပ်ရေးစနစ်ဖော်ဆောင်ဖို့ ဒီအုပ်ချုပ်ရေးဥပဒေပေါ်လာရင် အုတ်မြစ်ချ သွားဖို့ရည်ရွယ်ပါတယ်။ ကျနော်တို့သက်တမ်းက ၁ နှစ်ပဲကျန်တယ်။ နောက်လုပ်ကိုင်မယ့်လူတွေအတွက် လှေကားအဆင့် ၁၀၀ လိုတယ်ဆိုရင် ကျနော်တို့က ၁ ဆင့်၊ ၂ ဆင့်ကို ကောင်းကောင်းမွန်မွန်လေး အခြေခံလေး ချသွားချင်ပါတယ်။

မေး။ ။ ပြည်ထဲရေးဝန်ကြီးဌာနက လက်ရှိကာလမှာ ဘယ်လိုစိန်ခေါ်မှုတွေရှိနေပါလဲ။ ဘယ်လိုအကူအညီတွေ လိုအပ်နေပါလဲ။

ဖြေ။ ။ ချင်းလဲန်းတည်ဆောက်ရေး လုပ်လာတဲ့အခါမှာ စေတနာအားလုံးပါကြပါတယ်။ အသက်တွေတောင် ပေးဆပ်ထားတဲ့ လူတွေအများကြီးပါ။ ဒါပေမယ့် အလုပ်သဘောမှာ အသွားအလာတွေကို နားလည်တဲ့လူ၊ အများကြီး လိုအပ်နေပါတယ်။ လူသားအရင်းအမြစ်တွေ အများကြီးလိုအပ်နေပါတယ်။ ကျနော်တို့ နားလည် သဘောပေါက်မှုမှာ ဒေသအများကြီးနဲ့ တွေ့ကြုံဆက်ဆံလာရတဲ့အခါမှာ စေတနာတွေ အများကြီးပါပေမယ့် နားလည်မှုအပိုင်းမှာ အများကြီးလိုသေးတယ်။ ပညာပေးဖို့အများကြီးလိုတယ်။ နားလည်တတ်ကျွမ်းတဲ့လူတွေ လိုပါတယ်။

တဒေသနဲ့တဒေသ နားလည်မှု၊ ကိုယ်ချင်းစာမှု၊ သဘောထားကြီးမှုတွေ အများကြီးလိုနေတယ်။ ကျနော်တို့တွေ မပြည့်ဝဘူး။ သဘောထားမကြီးဘူးဆိုရင် ကျနော်တို့ချင်းလဲန်းက စကစကိုနိုင်ရင်လည်းပဲ ပြိုကွဲမှာပဲဖြစ်ပါတယ်။ အောင်မြင်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ နိုင်ငံရေးစနစ် ဖွဲ့စည်းပုံ၊ အုပ်ချုပ်ရေးစနစ် သွားလာပုံတွေ ကောင်းကောင်းလေးနားလည်မှပဲ ကျနော်တို့ကစနစ်တခုကို ထူထောင်နိုင်မှာဖြစ်ပါတယ်။ နားမလည်တဲ့လူတွေ များရင်တော့ စေတနာအရ ပေးတော့ပေးဆပ်လိမ့်မယ်၊ ကျနော်တို့ တည်ဆောက်တတ်မှာတော့မဟုတ်ပါဘူး။

မေး။ ။ ဖြည့်စွက်ပြောကြားဖို့ လိုအပ်တာတွေရှိရင် ပြောပေးပါခင်ဗျ။

ဖြေ။ ။ အားလုံးက သဘောထားကြီးကြဖို့၊ ကိုယ့်အကြောင်းကို အရင်မကြည့်ကြဘဲ တဖက်အကြောင်းကို အရင်ကြည့်ကြဖို့မက်ဆေ့ကို ပြည်သူတွေကိုပေးချင်တယ်။ နောက်တခုက ကျနော်တို့ စေတနာမှန်ရင်လည်းပဲ စိတ်အားထက်သန်ရင်လည်းပဲ ကျနော်တို့ဦးတည်ချက်က ပြည့်စုံတဲ့ရည်ရွယ်ချက်မဖြစ်ရင် အပြုသဘော မဆောင်ဘဲနဲ့ အဖျက်သဘောဆောင်သွားတတ်တာကို နိုင်ငံခြားကနေ အားပေးတဲ့ပြည်သူတွေကလည်း တော်တော်လေးနားလည်ဖို့ လိုနေပါတယ်။ ကျနော်တို့အခက်အခဲအကြီးဆုံးက ဘဏ္ဍာရေးဖြစ်ပါတယ်။ ငွေရေး ကြေးရေးကိုပေးတဲ့ ချင်းအနေနဲ့ဆိုရင် နိုင်ငံခြားက တော်တော်လေးဩဇာသက်ရောက်မှုရှိတယ်။

နိုင်ငံခြားကနေငွေကြေးထောက်ပံ့တဲ့လူတွေက ပြည့်ဝတဲ့ခံယူချက်မရှိရင် ငွေမျက်နှာကိုကြည့်ရပြီးတော့ သူတို့ရဲ့ စကားတွေ၊ အယူအဆတွေလွှမ်းမိုးလာမယ်ဆိုရင် ကျနော်တို့က ဒီဘဏ္ဍာရေးမျက်နှာကိုကြည့်ပြီးတော့ သူတို့ စကားသံကို လိုက်နာတဲ့အချိန်မှာ သူတို့ကပြည့်ဝတဲ့ လမ်းညွှန်မှုပေးတယ်ဆိုရင် ချင်းလဲန်းတည်ဆောက်မှုက အင်မတန်လွယ်သွားမယ်။ သူတို့ရဲ့ အယူအဆမှားခဲ့မယ်ဆိုရင် အဲဒါကကျနော်တို့အတွက်က ငွေကြေးကတော့ အသုံးဝင်ပေမယ့် သူတို့ရဲ့အယူအဆတွေ လွဲချော်မယ်ဆိုရင် ချင်းလဲန်းတည်ဆောက်တဲ့ နေရာမှာ အတော်လေး အခက်အခဲ၊ အဟန့်အတားတွေဖြစ်သွားနိုင်တယ်ဆိုတာကို ပြည်သူတွေ တော်တော်လေးနားလည်ဖို့ လိုနေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒါလေးကို သတင်းစကားပါးချင်ပါတယ်။

KMG ပေးပို့သည်။