ရွှေဘိုမြို့နယ်အတွင်း ကချင်ပြည်နယ်သို့တက်မည့်ကားများ ရာနှင့်ချီပိတ်မိနေ

By MPM 28 ဖေ‌ဖော်ဝါရီ, 2025 👁 7

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ကချင်ပြည်နယ်သို့ သွားရောက်မည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကား ရာနှင့်ချီ ရက်သတ္တပတ်နီးပါးကြာ ပိတ်မိနေကြောင်း ယာဉ်လိုင်းများနှင့် နီးစပ်သူတို့ ပြောဆိုမှုအရ သိရသည်။

မြစ်ကြီးနား-ရွှေဘို လမ်းပိုင်းပေါ်ရှိ ကျေးရွာများတွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ကြား ထိတွေ့တိုက်ပွဲအပါအဝင် စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် လမ်းပိုင်းကို ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ကားကြီးတွေကိုတော့ ပိတ်ထားတုန်း၊ ကားသေးတွေက ရက်ကြာလာတော့ တန့်ဆည်ဘက်က ကျေးရွာချင်းဆက် လမ်းတွေဆီကနေ ကွင်းလာရတယ်။ လမ်းကမဖွင့်သေးဘူး။ အကုန်လုံး ပိတ်ထားသေး၊ ကုန်တင်ကားတွေမှ အများကြီးကျန်သေးတယ်” ဟု ဒေသခံယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

ကချင်ပြည်နယ်သို့တက်မည့် ကားများကို ပိတ်ထားသလို ကချင်ပြည်နယ်မှ မန္တလေးသို့ဆင်းမည့် ကားများအားလုံးကိုလည်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစ၍ ယာဉ်လိုင်းများ ပိတ်ထားသည်ဟု စုံစမ်းသိရသည်။

“အဆင်းကားတွေ ပိတ်တာ၊ အဆင်းကားတွေကို အကုန်ပိတ်ထားတယ်တဲ့။ သွားတဲ့သူတွေတော့ ရှိတယ်။ ရွာကနေရွှေဘိုဘက်မှာ ဆေးသွားကုမယ်၊ သွားတဲ့သူတောင် လေးငါးရက်ရှိပြီ ပိတ်ထားတာ” ဟု အင်းတော် ဒေသခံတစ်ဦးက ပြောသည်။

လမ်းပိုင်းများအားလုံးသည်လည်း စစ်ကောင်စီရဲ့ထိုးစစ်များကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ယာဉ်မောင်းများကို ပြောဆိုထားပြီး တချို့ရွှေဘိုမြို့နယ်ကနေ မန္တလေးသို့ နောက်ပြန်လှည့်သည့်ကားများလည်း ရှိနေကြောင်း သိရသည်။

ထိုသို့လမ်းပိုင်းပိတ်ဆို့မှုကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ကုန်စျေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာနေကြောင်း ဒေသခံများက ပြောဆိုသည်။

အခုကဲ့သို့ ရက်ကြာကြာပိတ်ထားလျှင် အခြေခံစားသောက်ကုန်များ၊ စက်သုံးဆီစျေးနှုန်များနှင့် လူသုံးကုန်ပစ္စည်းများ စျေးနှုန်းတစ်ဆနီးပါး မြင့်တက်လာနိုင်သည်ဟု ကချင်ပြည်နယ်ဒေသခံများက ပြောဆိုနေကြသည်။

၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် အတွင်းလည်း မန္တလေး – မြစ်ကြီးနားလမ်းပိုင်း လနှင့်ချီကြာ ပိတ်ထားခဲ့မှုဖြစ်ပွားခဲ့ပြီး ကုန်စျေး နှစ်ဆနီးပါး မြင့်တက်ခဲ့သည့်ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ဖူးသည်။

ရှမ်းနီအသံ ပေးပို့သည်။