စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် NUG ၏ ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ) ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီး စစ်ဆေးရန် အမိန့်ကျပြီးသည့်နောက် ရက်အနည်းငယ်ကြာ ပျောက်ဆုံးနေရာကနေ ဖမ်းဆီးမိပြီဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ် နီးစပ်သူတို့ပြောဆိုမှုအရ သိရသည်။
ကန့်ဘလူမြို့ ပကဖခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမဲခေါင်ကို ကန့်ဘလူမြို့နှင့် မိုင် ၂၀ အကွာရှိ တန့်ဆည်မြို့နယ်အတွင်း၌ ဖမ်းဆီးမိရာ၌ ၎င်းကိုယ်တိုင် လာရောက်အဖမ်းခံခြင်းဖြစ်ကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတစ်ဦးက ပြောသည်။
“သူတို့အပြောကတော့ ကန့်ဘလူကနေ ထွက်ပြေးလာတာမဟုတ်ဘူး။ ဟိုမှာက သူ့ကို ဖမ်းမိန့်ကျတော့ သူလည်း စိတ်မလုံခြုံတာပါမယ်။ ဒီဘက် (တန့်ဆည်) ကို လာအဖမ်းခံတာ။ ဘာဆက်လုပ်မယ်ဆိုတာကိုတော့ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အတွင်းက တာဝန်ရှိခေါင်းဆောင်ပိုင်း (၃) ဦးတို့သည် ကန့်ဘလူ – ပလဖအကျဉ်းသူ (၃) ဦးကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့ကြသည့်ဖြစ်စဉ်တွင် ပကဖခေါင်းဆောင် ဦးမဲခေါင် (ခေါ်) ဦးမြင့်ဇော်ဦးလည်း ပါဝင်ပြီး ဖမ်းဆီးစစ်ဆေးရန် အမိန့်လည်းချခံထားရသူလည်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က အချုပ်ခန်းရှိ NUG လက်အောက်ခံ ပအဖ၊ ပလဖ အဖွဲ့များ၏ လိင်အကြမ်းဖက်မှုဖြစ်ရပ် ပေါ်ပေါက်ခဲ့သည်မှာ နှစ်နှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်သည်။
NUG ပြည်ထဲရေးဝန်ကြီးဌာနက ယင်းသို့ကျူးလွန်သူဝန်ထမ်း ၃ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းထားပြီး အမှုမှန် ပေါ်ပေါက်ရန် ယနေ့အထိ ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်ဟု ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် NUG အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ဦးမဲခေါင် (ခေါ်) ဦးမြင့်ဇော်ဦးသည် NLD ပါတီကနေ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကန့်ဘလူမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူလည်း ဖြစ်သည်။
ထိုအမှုဖြစ်စဉ်ပါ နစ်နာသူ (ကျူးလွန်ခံရသူ) အကျဉ်းသူ (၃) ဦးတို့ကို “နစ်နာသူများလုံ ခြုံရေး၊ လွတ်လပ်စွာ ထွက်ဆိုနိုင်ရေးနှင့် တရားမျှတမှုရှိစေရေးတို့အတွက် အချုပ်နေရာ ပြောင်းလဲချုပ်နှောင်ထားသည်” ဟု ဆိုသည်။
အဆိုပါအမှုကိစ္စနှင့်ပတ်သက်ပြီး နှစ်ကြိမ်တိုင် စစ်ဆေးမှုပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် အရေးယူဆောင်ရွက်မှု ထွက်ပေါ်လာခြင်း မရှိသေးဘူးဟု အမျိုးသမီးအဖွဲ့အစည်းများက ပြောဆိုထားသည်။
NUG ဘက်က ကျန်ရှိနေသော လက်ကျန်အမှုတို့ကို စစ်ဆေးနေခြင်ဖြစ်ပြီး တွေ့ရှိလာသည့်အဖြေအပေါ်မူတည်ကာ တရားဥပဒေနှင့် ဝန်ထမ်းရေးရာ လုပ်ထုံးလုပ်နည်းများအရ အရေးယူဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။
ရှမ်းနီအသံ ပေးပို့သည်။