နမ့်တောဒေသတွင် ဖုန်းလိုင်းပြတ်တောက်မှုကြောင့် အွန်လိုင်းမှငွေထုတ်ယူမှု ခက်ခဲနေ

By MPM 28 ဖေ‌ဖော်ဝါရီ, 2025 👁 5

ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် MPT နှင့် Atom ဖုန်းလိုင်းများအားလုံး ဖေဖော်ဝါရီလလယ်မှစပြီး ထပ်မံ ပြတ်တောက်သွားတာကြောင့် ဒေသခံများ အွန်လိုင်းအသုံးပြု ငွေထုတ်ယူမှု အခက်အခဲများနှင့် ဆက်တိုက် ကြုံတွေ့နေရကြောင်း ဒေသခံတို့က ပြောဆိုသည်။

အခုကဲ့သို့ အွန်လိုင်းမှ ငွေကြေးထုတ်ယူမှု ခက်ခဲလာခြင်းကြောင့် ယခင်နည်းလမ်းဟောင်းများဖြင့်သည် အေးဂျင့်များထံမှတဆင့် ငွေလွှဲစျေးနှုန်း ကြီးမြင့်စွာပေးဆောင်ကာ လွှဲပြောင်းနေကြရသလို ငွေသားများလည်း ရှားပါးလာသည်ဟု ၎င်းတို့ ဆိုကြသည်။

“မနေ့က နမ့်တောမှာ ပစ္စည်းဝယ်တာ၊ အပြင်ငွေလွှဲနဲ့ KPay သွားလွှဲတာ လက်မခံဘူး။ ခါတိုင်း လိုင်းမကောင်းတာတောင်မှ ငါးရိုးတိုင်လေးတွေနဲ့ဆို ပြောလို့ရသေးတယ်၊ ခု မမိပြန်တော့ဘူး။ လိုင်းပျောက်သွားပြန်ပြီ။ တယ်လီနောက လိုင်းမိတယ်၊ စာပို့လို့လဲမရ ဖုန်းခေါ်လို့လဲ မရပြန်ဘူး” လို့ နမ့်တောဒေသခံတစ်ဦးက ပြောသည်။

အင်တာနက်လိုင်းများအတွက် Starlink အင်တာနက်များကို အသုံးပြု၍ ရနေသေးသော်လည်း ငွေကြေးလွှဲပြောင်းပေးပို့ရာတွင် OTP (တစ်ခါသုံးကုဒ်) များမှာ ဖုန်းလိုင်းများဖြင့်သာ ရရှိအသုံးပြုရခြင်းဖြစ်သည်။

ဟုမ္မလင်းမြို့နယ်အတွင်း ဖုန်းလိုင်းပြတ်တောက်မှု မကြာခဏဖြစ်ပေါ်နေပြီး ၂၀၂၄ ခုနှစ်ကုန်ပိုင်းကစ၍ လိုင်းတချို့ ပြန်ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော် ဟုမ္မလင်းမြို့ အနီးတဝိုက်နှင့် နမ့်တောဒေသတဝိုက်မှာသာ ပြန်ရရှိခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ရှမ်းနီဒေသများဖြစ်သည့် ပင်လည်ဘူး၊ ဖောင်းပြင်၊ ဗန်းမောက်၊ အင်းတော်၊ ထီးချိုင့်ဒေသများတွင် ဖုန်းလိုင်းနှင့် အင်တာနက်များ ပြတ်တောက်ခြင်းကြောင့် ကုန်စည်ကူးသန် ဖလှယ်ကြရာနေရာတွင် ငွေကြေးအစား ရွှေနှင့် လက်ငင်းပေးချေမှုတွေကိုသာ အဓိကအားထား လုပ်ကိုင်လာနေကြသည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့ကို ၂၀၂၃ ခုနှစ်မှစတင်ပြီး အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ကျော်ကြာမြင့်လာပြီလည်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း အာရှ – ပစိဖိတ် ဒေသနိုင်ငံများတွင် အင်တာနက်ဖြတ်တောက်မှု စံချိန်တင်မြင့်တက်ခဲ့ပြီး အဆိုးရွားဆုံးနိုင်ငံဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဒီဂျစ်တယ်အဖွဲ့တစ်ခုဖြစ်တဲ့ Access Now က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ထုတ်ဖော်ပြောထားသည်။

ရှမ်းနီအသံ ပေးပို့သည်။